အာဏာသိမ်းပြီးတနှစ်အကြာ ၂၀၂၂ ခုနှစ်မှာ စစ်ကောင်စီက သူ့ကိုဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေ၊ အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကို ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့တဲ့နှစ်တနှစ် ဖြစ်ပါတယ်။ ပထမသုံးလပတ်မှာ စစ်တပ်က စစ်ကိုင်းဒေသမှာရှိတဲ့ ရွာတွေကို ဝင်စီးတာ၊ အိမ်ခြေရာပေါင်းများစွာ မီးရှို့တာ၊ အရပ်သားတွေကို သတ်ဖြတ်ဖမ်းဆီးတာတွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ရှိခဲ့ပါတယ်။ အရာတော်နဲ့ မြင်းမူမြို့နယ်တွေက အဖြစ်အပျက်တွေက သက်သေပြနေပါတယ်။
ဒုတိယသုံးလပတ် မေလမှာဖြစ်ခဲ့တဲ့ ဘုတလင်မြို့နယ်ရှိ တရားစခန်းမှာဖွင့်ထားတဲ့ စစ်ဘေးရှောင် အရပ်သားကိုးယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခေါင်းတည့်တည့် ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။ ဒုတိယအပတ်မှာပဲ ကရင်ပြည်နယ် ဘားအံမြို့နယ်ကနေ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို သွားဖို့ စစ်ကောင်စီတပ်တွေက အရပ်သား ၁၀၀ ကျော်ကို ပေါ်တာဆွဲတာ၊ လူသားဒိုင်းလုပ်တာတွေ ရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ထားပါတယ်။ စစ်ကိုင်း၊ ရေဦးမြို့နယ်မှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားသေဆုံးမှု ငါးယောက်ထက်မနည်း ရှိခဲ့ပါတယ်။ မေလကုန်မှာပဲ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် စစ်ဘေးရှောင်စခန်းထဲကို လက်နက်ကြီး ပစ်ခတ်လို့ သေဆုံးဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။
ဇွန်လအစောပိုင်းမှာ ဝက်လက်မြို့နယ်က အိမ်ခြေ ၁၀၀ ခန့်ကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့ပြီး ရေဦးမြို့နယ်က ချမ်းသာရွာကို ဝင်စီးခဲ့လို့ အိမ်ခြေ ၁၀၀ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။ မြင်းမူမြို့နယ်မှာ စစ်တပ်က အရပ်သားခြောက်ဦးကို ထွက်ပြေးခိုင်းပြီးမှ နောက်ကျောဘက် တည့်တည့်ကို ပစ်သတ်ခဲ့ပါတယ်။ အဆိုပါလလယ်မှာပဲ ကယားပြည်နယ်က ကက်သလစ် ဘုရားကျောင်းတခုကို မီးရှို့ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်က လုံလောက်တဲ့ ဆေးကုသခွင့် အချိန်မီမရခဲ့လို့ မွေးကင်းစကလေးကို ဆုံးရှုံးခဲ့ပါတယ်။
တတိယသုံးလပတ်မှာ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေက ပိုမိုဆိုးရွားလာပါတယ်။ ဇူလိုင်လအစောပိုင်းမှာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ မသန်စွမ်းနှစ်ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ပါတယ်။ ဇူလိုင် ၇ ရက်နေ့မှာ ဆန္ဒပြသူတွေကို ကားနဲ့တိုက် ဖြိုခွင်းခဲ့လို့ ဒဏ်ရာရရှိခဲ့တာတွေ ရှိပါတယ်။ ထိုလထဲမှာပဲ ပခုက္ကူမြို့နယ်မှာရှိတဲ့ ရွာနှစ်ရွာကို မီးရှို့ခဲ့ပြီး အိမ်ခြေ ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ဒီပဲယင်းမြို့နယ်ကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမှာ စစ်ဘေးရှောင် ၅၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်နှစ်ခု အစပ်နားမှာ သတ်ဖြတ်ထားတဲ့ အလောင်း ၁၂ လောင်းကို တွေ့ရပါတယ်။ ထင်ရှားတဲ့ နိုင်ငံရေးသမားနှစ်ဦးဖြစ်တဲ့ ကိုဇေယျာသော်၊ ကိုဂျင်မီနဲ့ အခြားနိုင်ငံရေးတက်ကြွလှုပ်ရှားသူနှစ်ဦးကို ဇူလိုင် ၂၅ ရက်နေ့မှာ သေဒဏ်ပေး စီရင်ခဲ့ပါတယ်။ ဇူလိုင်လကုန်မှာ ဂျပန်ဒါရိုက်တာ ကူဘိုတာနဲ့ ဆန္ဒပြသူတွေ တောင်ဒဂုံမြို့နယ်မှာ ဖမ်းဆီးခံရပါတယ်။ ကုလလုံခြုံရေးကောင်စီက ဆယ်စုနှစ်တွေအတွင်းမှာ ပထမဆုံး နိုင်ကျဉ်းတွေကို သေဒဏ်ပေးမှုကို ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဉ်းတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဩဂုတ်လအစောပိုင်း မြင်းမူမြို့နယ်မှာ ကလေးတွေအပါအဝင် အရပ်သား ၁၀၀ ကျော်ဟာ စစ်တပ်ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းခံရပါတယ်။ မုံရွာအကျဉ်းထောင်မှာ ထောင်စောင့်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ လလယ်မှာပဲ ဒီပဲယင်းမြို့နယ်၊ မူးကန်ကြီးရွာရှိ အိမ်ခြေ ၈၀၀ ကျော်ဟာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာကို လေကြောင်းမှတိုက်ခိုက်လို့ အမျိုးသမီးနဲ့ ကလေးများ အပါအဝင် အရပ်သားတော်တော်များများ သေကျေခဲ့ပြီး ရုပ်အလောင်း ၁၈ လောင်းကို တွေ့ရှိခဲ့ပါတယ်။ စစ်တပ်က ဩဂုတ်လထဲမှာ စစ်ကိုင်းနဲ့ မကွေးအထက်ပိုင်းက စစ်တပ်ဆန့်ကျင်တဲ့ မြို့ရွာတွေကို ဝင်စီးတာ၊ အရပ်သားတွေကို လေကြောင်းကတိုက်ခိုက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ ဆေးရုံ၊ စာသင်ကျောင်း အပါအဝင် အိမ်ခြေရာထောင်ခန့် မီးရှို့တာတွေ တော်တော်များများ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါလ နောက်ဆုံးအပတ်မှာပဲ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထိန်လင်းကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးခဲ့ပါတယ်။
စက်တင်ဘာလမှာ လက်ယက်ကုန်းရွာရှိ စာသင်ကျောင်းကို လေကြောင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကျောင်းသားငါးယောက်နဲ့ တခြားအရပ်သားငါးယောက်တို့ ထိခိုက်သေဆုံးမှုဖြစ်ပွားပြီး ဒဏ်ရာရရှိသူများ ရှိခဲ့တဲ့အပြင် အရပ်သား ၂၀ ကိုလည်း ဖမ်းဆီးသွားပါတယ်။ ကုလအတွင်းရေးမှူးချုပ် အပါအဝင် Save the Children နဲ့ ယူနီဆက်ဖ်လို ကလေးသူငယ်အခွင့်အရေး အဖွဲ့အစည်းတွေ၊ NUG၊ CRPH နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန် ရှုတ်ချခဲ့ပါတယ်။
နိုဝင်ဘာလနှောင်းပိုင်းမှာ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို ထောင်တွင်းစစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခဲ့ပြီး ဒီဇင်ဘာလအစောပိုင်းမှာ ပြစ်ဒဏ်စီရင်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ လက်တွေ့မှာ စီရင်ထားတာ မရှိသေးဘူးလို့ နောက်ဆက်တွဲ သတင်းတွေက ဖော်ပြပါတယ်။ နှစ်ကုန်ခါနီးမှာ ထူးခြားချက်အနေနဲ့က ကုလလုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်/ကျဉ်းများ ပြန်လွှတ်ပေးဖို့၊ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ စတဲ့အချက်တွေ ပါဝင်တဲ့ ဆုံးဖြတ်ချက်ကို ဗြိတိန်နိုင်ငံက တင်သွင်းပြီး ကန့်ကွက်သူမရှိ (အိန္ဒိယနဲ့ စစ်ကောင်စီကို ကာကွယ်ပေးလေ့ရှိတဲ့ တရုတ်နဲ့ ရုရှားတို့ ကြားနေကာ) အတည်ပြုခဲ့ပါတယ်။ မရှေးမနှောင်းမှာပဲ ယခင်က ပေါ်ထွက်ခဲ့တဲ့ သတင်းများအတိုင်း အမေရိကန် လွှတ်တော်နှစ်ရပ်က မြန်မာ့အရေးပါဝင်တဲ့ အမျိုးသားလုံခြုံရေးလုပ်ပိုင်ခွင့် အက်ဥပဒေကို အတည်ပြုခဲ့ပြီး သမ္မတဘိုင်ဒင် လက်မှတ်ရေးထိုးထားပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ NUG၊ CRPH၊ CDM လှုပ်ရှားမှု၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ရေးမဟုတ်သော နည်းပညာအကူအညီနဲ့ အခြားအကူအညီတွေ ထောက်ပံ့ရန်၊ အဆိုပါအဖွဲ့တွေနဲ့ ဆက်ဆံရန်တို့ ပါဝင်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ပတ်သက်ရင် မြန်မာနိုင်ငံအကြောင်း ဆွေးနွေးရာမှာ နိုင်ငံကြီးငါးနိုင်ငံက ဗီတိုအာဏာကိုင်စွဲထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံရေးသဘောသဘာဝ မတူညီမှုကြောင့် သိပ်အလုပ်မဖြစ်ဘဲ တခြားအဖွဲ့အစည်းတွေဖြစ်တဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ဆွေးနွေးချက်တွေအပေါ် အာရုံစိုက်လာကြပါတယ်။ အာဏာသိမ်းပြီးတည်းကနေစပြီး မြန်မာ့အရေးဟာ လူ့အခွင့်အရေးကောင်စီရဲ့ ပုံမှန်အစီအစဉ်တွေမှာ ပါဝင်လာပါတယ်။
စစ်ကောင်စီကို နိုင်ငံတကာမှာ ဘယ်သူတွေဆန့်ကျင်သလဲ၊ ထောက်ခံသလဲ၊
ကုလစင်မြင့်ပေါ်မှာ ရုရှား၊ တရုတ်နဲ့ ဗင်နီဇွဲလားတို့က လူ့အခွင့်အရေး စံနှုန်းတွေမှာ ပါရှိတဲ့ နိုင်ငံတနိုင်ငံရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ သဘောတရားကို ရောထွေးအသုံးချပြီး စစ်ကောင်စီကို တရားဝင်မှုရဖို့ လုပ်ဆောင်ပေးနေသလိုဖြစ်နေပြီး ကုလရဲ့ တရားဝင်မှုနဲ့ လုပ်ဆောင်ချက်တွေကိုလည်း အားနည်းစေပါတယ်။ ရုရှားရဲ့ ပြောဆိုချက်တွေမှာ အထူးသဖြင့် မြန်မာ့အရေးဟာ လူ့အခွင့်အရေးပြဿနာလို့ မယူဆသင့်ဘဲ နိုင်ငံရေးပုံဖော် ဇာတ်သွင်းထားခံရတဲ့ အခြေအနေလို့ ဆိုလေ့ရှိပါတယ်။ ဒါ့အပြင် စစ်တပ်ကို ကာကွယ်ပြောဆို ထောက်ခံလေ့ရှိတဲ့ နိုင်ငံတွေမှာ တရုတ်နဲ့ အီရန်တို့လည်း ပါဝင်ပါတယ်။ တရုတ်ဘက်က ပြောဆိုချက်မှာတော့ မြန်မာအထူးကိုယ်စားလှယ်က ကုလအမည်ခံပြီး နိုင်ငံရေးအကျိုးစီးပွား အခြေခံပြီး နိုင်ငံအတွင်း ဖြစ်ရပ်မှန်များကို ရောထွေးစေရန် လုပ်ဆောင်တယ်လို့ ပြောဆိုလေ့ ရှိပါတယ်။ လက်တင်အမေရိက အာဏာရှင်နိုင်ငံတခုဖြစ်တဲ့ ဗင်နီဇွဲလားကလည်း လူ့အခွင့်အရေးကောင်စီရဲ့ လုပ်ရပ်တွေက ထိရောက်မှုမရှိဘဲ မြန်မာပြည်သူတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ချိုးဖောက်နေတာဖြစ်ပြီး နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး နိုင်ငံတကာစံနှုန်းများကို ချိုးဖောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရုရှားဩဇာခံ နိုင်ငံတခုဖြစ်တဲ့ ဘီလာရုစ်ကလည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သတ်မှတ်ထားတာက နိုင်ငံအဆင့်မှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့ခြင်းမရှိပါလို့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးကောင်စီရဲ့ အထူးကိုယ်စားလှယ် ခန့်အပ်ထားတာကို ကန့်ကွက်ထားပါတယ်။ ရုရှားနဲ့ ဩဇာခံနိုင်ငံတွေဖြစ်တဲ့ ဗင်နီဇွဲလားနဲ့ ဘီလာရုစ်တို့က မြန်မာ့အရေးနဲ့ပတ်သက်ရင် သူတို့သဘောထားအမြင်၊ စိုးရိမ်ပူပန်မှု၊ ရှုတ်ချမှုတို့ပြဖို့ ပျက်ကွက်ရုံသာမက စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ အာဏာသိမ်းမှုကို တရားဝင်မှုရစေဖို့ တက်ကြွစွာ လုပ်ဆောင်လေ့ရှိပြီး ကုလရဲ့ ကျွမ်းကျင်သူတွေ၊ အဖွဲ့အစည်း၊ ယန္တရားတွေကို ဆန့်ကျင်ပျက်ရယ်ပြုသလို လူ့အခွင့်အရေး အစီရင်ခံစာတွေနဲ့ တွေ့ရှိချက်တွေရဲ့ ခိုင်လုံမှုကို မေးခွန်းထုတ်လေ့ရှိပါတယ်။
ဩစတြေးလျ၊ ဗြိတိန်နဲ့ အမေရိကန်တို့က စစ်ကောင်စီရဲ့ ဥပဒေမဲ့သတ်ဖြတ်မှု၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်နှင့် စုဝေးခွင့်ကို ကန့်သတ်မှုတွေကို ပြစ်တင်ရှုတ်ချလေ့ရှိပြီး တနိုင်ငံလုံးအပေါ် ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ဖိနှိပ်မှုတွေကို တာဝန်ခံယူမှုရှိစေဖို့နဲ့ စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ တိုက်တွန်းထားပါတယ်။ ဥပမာအနေနဲ့ ဗြိတိန်က အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ ကတိပြုထားပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား အပါအဝင် နိုင်ငံတကာတရားစီရင်ရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို တာဝန်ခံမှုရှိလာအောင် ဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။
အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့-အိုအိုင်စီက ရိုဟင်ဂျာလူမျိုးတွေအပေါ် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်မှုတွေကို အစဉ်တစိုက် ထောက်ပြလာခဲ့ပေမဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်၊ ဥပဒေမဲ့ဖမ်းဆီးခြင်း၊ စစ်တပ်က အရပ်သားများအပေါ် အကြမ်းဖက်ခြင်းတို့လို လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတာ မတွေ့ရပါဘူး။
အာဆီယံနိုင်ငံတွေက စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချပြစ်တင်ဖို့ သဘောထား ထုတ်ဖော်ပြဖို့ ရှောင်ရှားလေ့ရှိပြီး မြန်မာရဲ့ အချုပ်အခြာအာဏာနှင့် အာဆီယံရဲ့ မူငါးချက်ကို လေးစားလိုက်နာ အကောင်ထည်ဖော်ဖို့ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ စတဲ့ ယေဘုယျပြောဆိုချက်တွေ များပါတယ်။ အာဆီယံနိုင်ငံအများစုရဲ့ ထုတ်ပြန်ချက်တွေမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးမှာ သူတို့လုပ်ဆောင်မှုကိုပဲ အသားပေးဖော်ပြလေ့ရှိပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့အတွက် စစ်ကောင်စီအနေနဲ့ တာဝန်ခံမှု၊ တာဝန်ယူရှိစေဖို့ တိုက်တွန်းတာမျိုး ပါလေ့မရှိပါဘူး။ ထူးခြားချက်အနေနဲ့ စစ်အာဏာသိမ်းပြီးတည်းကနေ အာဆီယံနိုင်ငံတွေထဲမှာ မလေးရှားက အိုအိုင်စီအဖွဲ့ဝင်နိုင်ငံ အနေနဲ့ရော ရိုဟင်ဂျာကိစ္စ အပါအဝင် မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ အာရှနိုင်ငံများထဲမှာပါ အများဆုံးအနေနဲ့ ၄၅ ကြိမ် တိုက်တွန်းထားပါတယ်။ ဂျပန်၊ တောင်ကိုရီးယားတို့လည်း အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းမှု တော်တော်များများ ပြုလုပ်ပေမဲ့ သိသာထင်ရှားတဲ့ တောင်းဆိုမှုတွေ သိပ်မတွေ့ရပါဘူး။
ထူးခြားချက်အနေနဲ့ မြန်မာနဲ့ အလွန်ဝေးကွာတဲ့ အာဖရိကနိုင်ငံတွေဖြစ်တဲ့ ဆီရီယာလီယွန်၊ မော်ရေးသျှ၊ မာလာဝီတို့က အရပ်သားတွေအပေါ် အင်အားအလွန်အကျွံသုံးစွဲမှု၊ ဥပဒေမဲ့ ဖမ်းဆီးခြင်းနဲ့ ရိုဟင်ဂျာများအပေါ် စနစ်တကျ ရာဇဝတ်မှုကျုးလွန်မှုများကို သူတို့ရဲ့ အမြင်သဘောထားနဲ့ စိုးရိမ်ပူပန်မှုတွေကို ထင်ထင်ရှားရှား ဖော်ပြပါတယ်။ ဆီရီယာလီယွန်က ဂမ်ဘီယာရဲ့ အိုင်စီဂျေတရားရုံးမှာ မြန်မာဘက်က ရိုဟင်ဂျာတွေကို ကျူးလွန်တဲ့ ရက်စက်မှုတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုထားမှု၊ အရေးယူဆောင်ရွက်မှုတွေကို ထောက်ခံကြောင်း ဖော်ပြပါတယ်။ တခြားဥရောပနိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ ချက်နဲ့ လူဇင်ဘတ်တို့ကလည်း စစ်တပ်ရဲ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး သူတို့သဘောထားကို ပြင်းပြင်းထန်ထန် ဖော်ပြလေ့ရှိပါတယ်။
ပြင်သစ်နဲ့ ချက်တို့ရဲ့ အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းမှုတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြု ထောက်ခံဖို့ ပါဝင်ပြီး အမေရိကန်နဲ့ လူဇင်ဘတ်တို့က စစ်တပ်ကို အရေးယူပိတ်ဆို့ဆောင်ရွက်ဖို့ ဆိုပါတယ်။ လူဇင်ဘတ်က စစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့နဲ့ စီးပွားရေးအရ အရေးယူပိတ်ဆို့ဆောင်ရွက်ဖို့ပါ ပြောထားပါတယ်။ စစ်တပ်ကိုထောက်ခံတဲ့ နိုင်ငံတွေမှာ ထူးထူးခြားခြားအနေနဲ့ ရုရှားက ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး အရေးတယူဆောင်ရွက်ဖို့ ၂ နှစ်တာအတွင်း နှစ်ခါတိုက်တွန်းထားပြီး တရုတ်နဲ့ တခြားနိုင်ငံတွေကတော့ အရေးတယူ ဆောင်ရွက်ဖို့ မပါတဲ့ တိုက်တွန်းချက်တွေကိုပဲ ပြုလုပ်ထားပါတယ်။
လူ့အခွင့်အရေးတောင်းဆိုချက်တွေမှာ ကလေးသူငယ်တွေနဲ့ အမျိုးသမီးအခွင့်အရေး၊ သေဒဏ်ပေးမှုရပ်တန့်ဖို့၊ ရိုဟင်ဂျာအရေး တောင်းဆိုမှုတွေ ၂၀၂၂ ထဲမှာ ပိုများလာပါတယ်။ လျော့နည်းသွားတဲ့ တောင်းဆိုမှုတွေမှာတော့ စစ်အာဏာသိမ်းမှုနဲ့ အရေးပေါ်အခြေအနေ ကြေညာချက်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဥပဒေမဲ့ဖမ်းဆီးမှုနဲ့ နှိပ်စက်မှု၊ ရွေးကောက်ခံ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးဖို့၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ စစ်တပ်ကို ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာဖို့ ပါဝင်ပါတယ်။
၂၀၂၂ ခုနှစ်အတွင်း အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ထားတဲ့ စစ်ကောင်စီက နိုင်ငံတကာမှာ ဘေးကျပ်နံကျပ် အခြေအနေ ကြုံနေရပြီး အာဆီယံက အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ထားသလို အဖွဲ့ဝင်နိုင်ငံအချို့နဲ့သာ ဆက်ဆံရေး ရှိပါတယ်။ လုံခြုံရေးကောင်စီနဲ့ လူ့အခွင့်အရေးကောင်စီက ထုတ်ပြန်ချက်တွေက စစ်ကောင်စီအပေါ် သံတမန်ရေးနဲ့ နိုင်ငံရေးအရ သက်ရောက်မှုတချို့ရှိနိုင်ပြီး အခုနှစ်ကုန်ပိုင်းမှာ အတည်ပြုခဲ့တဲ့ အမေရိကန်က စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးမယ့် အစီအစဉ်က အတိုင်းအတာတခုထိ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ တရုတ်ဘက်ကလည်း မြန်မာ့အရေးမှာ အမေရိကန်ရဲ့ NDAA ကို တုံ့ပြန်ဖို့ သက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့ ထိတွေ့ဆောင်ရွက်လာတာတွေလည်း ရှိလာပါတယ်။ စစ်ကောင်စီသက်တမ်းဟာ ၂၀၂၃ မှာ ၂ နှစ်ပြည့်မှာဖြစ်လို့ အခင်းအကျင်းတခုပြောင်းဖို့ ဒါမှမဟုတ် သူတို့စီမံတဲ့ ရွေးကောက်ပွဲတခု ပြင်ဆင်ဖို့ရှိနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဘက်ကလည်း ၂၀၂၃ ဟာ အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ်ဖြစ်တယ်လို့ ပြောထားတာလည်းရှိလို့ ပြည်တွင်းပြည်ပ နိုင်ငံရေး၊ လူ့အခွင့်အရေး ကဏ္ဍတွေမှာ ထူးခြားမှုတွေ ရှိလာနိုင်ပါတယ်။
သန့်ထက်
(စာရေးသူမှာ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး မဟာဘွဲ့သင်တန်းကို ထိုင်းနိုင်ငံ၊ မဟီဒေါတက္ကသိုလ်တွင် တက်ရောက်သင်ကြားနေသူ ဖြစ်ပါတယ်။)