ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ သီလဝါစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် XINFA Textile ချည်လုံးစက်ရုံမှာ ဒီဇင်ဘာ ၉ ရက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကျောက်တန်းမြို့နယ် သီလဝါစက်မှုဇုန် မက္ခရာမင်းသားကြီးလမ်းရှိ XINFA Textile ချည်လုံးစက်ရုံမှာ မနေ့ နေ့လယ် ၃ နာရီက မီးလောင်ခဲ့ပြီး ၂ နာရီ နီးပါး မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။’
"မီးလောင်တာအတော်များတယ်။ မီးသတ်တွေရော စစ်တပ်ပါရောက်လာတယ်။ ၂ နာရီ ၄၁ မိနစ်က စလောင်တယ်။ ၅ နာရီလောက်မှ မီးငြိမ်းတယ်။”
အဆိုပါမီးလောင်မှုကို မီးသတ်တပ်ဖွဲ့က level 1 အဆင့်နဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ဖြတ်စ ညှပ်စကြိတ်ထဲမှာ သံအချင်းချင်းပွတ်တိုက်ပြီး ချည်စတွေကို မီးကူးပြီး မီးလောင်တာ။ ကြိတ်စက်တွေ ၆ လုံးလောက် မီးလောင်သွားတယ်။ ကုန်ကြမ်းတွေလည်းပါတယ်။ တန်ဖိုးကတော့ ခန့်မှန်းကြည့်တာ သိန်းနှစ်ရာနီးပါးလောက်ရှိမယ်။”
လတ်တလောမှာ ချည်လုံးစက်ရုံစက်ပစ္စည်း ဒုတာဝန်ခံ ဦးနေလင်းကို ကျောက်တန်းမြို့မရဲစခန်းက (ပ) ၄/၂၀၂၃၊ပုဒ်မ-၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။
XINFA Textile ချည်လုံးစက်ရုံမှာ တရုတ်နိုင်ငံသား Mr.Fa ngchang duo ပိုင်ဆိုင်တဲ့ စက်ရုံဖြစ်ပြီး အလုပ်သမား ၁၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ စက်ရုံတစ်ရုံ ဖြစ်ပါတယ်။