ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ မန္တလေးမြို့နဲ့ ပခုက္ကူမြို့က ရပ်ကွက်တချို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီး ဇန်နဝါရီ ၉ ရက်နေ့မှာ တအိမ်တက်ဆင်း လူဦးရေစာရင်း လိုက်ကောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မန္တလေးမြို့ မြို့နယ် ၆ ခုက ရပ်ကွက်တွေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးနဲ့ လူ ၁၀ ယောက်ဝန်းကျင်က အိမ်ထောင်စု စာရင်းလိုက်ကောက်နေတာဖြစ်တယ်လို့ ချမ်းအေးသာစံမြို့နယ် ဒေသခံတဦးက ပြောပါတယ်။
“လာကောက်တာတော့ ၁၀ ယောက်ကျော်တယ်။ အိမ်ထောင်စုဇယား လာတောင်းတာ။ ဘာမှတော့မပြောဘူး။ အမျိုးသမီးတွေလည်းပါတယ်။”
မန္တလေးမြို့ စိတ္တရမဟီရပ်ကွက်၊ မြို့သစ် က/၂ရပ်ကွက်၊ ရုံးသာရပ်ကွက်၊ မြောက်ပြင်၊ မဟာမြိုင်ရပ်ကွက်၊ ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်၊ စိန်ပန်းစာတိုက်တန်း ရပ်ကွက်တွေမှာ ဇန်နဝါရီ ၉ ရက်က တအိမ်တက်ဆင်း အိမ်ထောင်စုဇယား ကောက်ခံခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ ဇန်နဝါရီလ အစပိုင်းကစပြီး တခြားမြို့နယ်ရပ်ကွက်တချို့မှာလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီး အိမ်ထောင်စုဇယား ကောက်ခံခဲ့တယ်လို့ သိရပါတယ်။
ပခုက္ကူမြို့ အမှတ် ၆ ရပ်ကွက်မှာလည်း စစ်ကောင်စီတပ်နဲ့ ရဲတွေ လုံခြုံရေးယူပေးပြီး စစ်သား၊ ရဲ၊ ပျူစောထီး၊ ထွေအုပ်ဝန်ထမ်း၊ မီးသတ်ဝန်ထမ်းတွေ ပူးပေါင်းပြီး ဇန်နဝါရီ ၉ ရက်က အိမ်ထောင်စုစာရင်း ကောက်ခံခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပခုက္ကူမြို့ခံတဦးက “လမ်းဆုံတွေမှာ ရဲက လုံခြုံရေးပေးပြီး လဝကနဲ့ ထွေအုပ်က အမျိုးသမီးတွေရော အမျိုးသားတွေရော တလမ်းဝင်တလမ်းထွက် တအိမ်တက်ဆင်း ကောက်သွားတာ။ သူတို့ပြောတာကတော့ မှတ်ပုံတင်လုပ်ချင်ရင် ရုံးကို စာရင်းကောက်သွားတဲ့သူတွေက မှတ်ပုံတင် အလွယ်လုပ်လို့ရတယ်တဲ့” လို့ ပြောပါတယ်။
သူတို့ဆီမှာရှိနေတဲ့ အိမ်ထောင်စုစာရင်းနဲ့ လူစာရင်းတွေကို တိုက်စစ်သွားတာဖြစ်ပြီး နေအိမ်ရှိ လူစာရင်းနဲ့ အလုပ်အကိုင်တွေကို စာရင်းယူသွားတာဖြစ်တယ်လို့ ပြောပါတယ်။
“ရွေးကောက်ပွဲ သူတို့ကျင်းပမှာဆိုတော့ အဲ့မဲကိစ္စနဲ့ပဲ ပတ်သက်လောက်မယ်။ အလကားနေရင်းတော့ အိမ်ထောင်စုဇယား လိုက်ကောက်မှာမဟုတ်ဘူး။ လုံခြုံရေးတွေကော ပါတော့ မဲနဲ့ပတ်သက်ရင်ကျ ပြည်သူတွေက မပါဝင်မှာစိုးလို့ မလိမ့်တပတ်လုပ်တာဖြစ်မယ်” လို့ ပခုက္ကူမြို့ ဒေသခံတဦးက ပြောပါတယ်။
အိမ်ထောင်စုဇယားလာကောက်တဲ့ စစ်သားနဲ့ ရဲတွေမှာ လက်နက်အပြည့်အစုံပါပြီး စစ်သားတွေမှာ လက်ပစ်ဗုံးတောင် အသင့်ထည့်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်းတွေမှာ အခုသီတင်းပတ်ကစပြီး လူဦးရေစာရင်းတွေ လိုက်ကောက်နေတာဖြစ်ပါတယ်။