စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီယာဉ် ၃ စီးကို မြောင်ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၁၇ ယောက်လောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ အများအပြားရှိခဲ့တယ်လို့ မြောင်မြို့နယ်T.G.R ပြည်သူ့ကာကွယ်ရေးတပ်က ဗိုလ်တိုက်ဂါးက ပြောပါတယ်။
ဇန်နဝါရီ ၇ ရက် မနက် ၆ နာရီလောက်က စစ်ကိုင်းကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တွေကို မြင်းမူမြို့နယ် ဂွေးပင်တောရွာနဲ့ နတ်ရေကန်ရွာကြားမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ထိခိုက်သေဆုံးသူတွေကိုတော့ ချောင်းဦးမြို့ကိုသယ်သွားခဲ့ကြောင်းနဲ့ ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်မှာ ကျဆုံးသွားခဲ့တဲ့ ရဲဘော် 99 အတွက် လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာလို့ ဗိုလ်တိုက်ဂါးက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ သေဆုံးဒဏ်ရာရသူတွေရဲ့ အရေအတွက်နဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသလို မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။