ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ အမှတ် ၈ ရပ်ကွက်မှာ ဇန်နဝါရီ ၉ ရက် ဒီနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့လို့ နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမှတ် ၈ ရပ်ကွက်၊ ဇီဇဝါလမ်းထဲမှာ ဒီမနက် ၁၁ နာရီလောက်ကစတင်ကာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ချိန် ၁ နာရီခွဲလောက် ကြာမြင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပထမပိုင်း ရပ်ကွက်ကလူတွေပဲ ဝိုင်းငြှိမ်းရတာ၊ နောက်ပိုင်းမှ မီးသတ်ကားတွေ ရောက်လာတာ၊ အိမ် ၃ လုံးလောက် မီးလောင်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းအရင်းကို အသေးစိတ် မသိရသေးပေမဲ့ လူသေဆုံး ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို မီးသတ်တပ်ဖွဲ့က စစ်ဆေးနေပြီး ရဲစခန်းမှာ အမှုဖွင့်ဖို့လည်း စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမီးလောင်မှုဖြစ်စဉ်ဟာ ညောင်တုန်းမြို့မှာ ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံးအကြိမ် မီးလောင်မှုလည်း ဖြစ်ပါတယ်။