စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ထန်းကုန်းကျေးရွာကို ဇန်နဝါရီ ၇ ရက် နေလယ် ၁ နာရီခွဲ လောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၁ ဦးသေဆုံး၊ ၃ ယောက် ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ထီးချိုင့်မြို့ပေါ်ကနေ ဇန်နဝါရီ ၄ ရက်ကစတင် စစ်ကြောင်း ထိုးလာတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတဦးက “တိုက်ပွဲဖြစ်လား၊ မဖြစ်လားတော့ မသိဘူး။ ဆားတွင်းရွာအရှေ့ဘက် တောင်ရိုးပေါ်ကတော့ နေ့လယ် ၁ နာရီလောက်က လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဆီ ပစ်တယ်။ ဆားတွင်းရွာ၊ ထန်းကုန်းရွာ၊ ကံပေါက်ရွာတွေကို ပစ်တယ်။ ထန်းကုန်းရွာက အသက် ၆၀ ကျော် ဒေါ်ကြည်ဖြူ လက်နက်ကြီး မှန်ပြီး နေရာတင်သေဆုံးတယ်။ နောက်ထက် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီ ၁ ဦး ဒဏ်ရာရထားတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဆားတွင်းရွာကို ညနေ ၄ နာရီခွဲမှာ ဝင်ရောက်ကာ ရွာကို မီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဆာတွင်းရွာ၊ ကံပေါက်ရွာ၊ သခွတ်ချောင်ရွာ၊ အလယ်တောရွာ၊ ကံပေါက်ရွာက ပြည်သူ ထောင်နဲ့ချီ စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။