မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ငပုအင်းကျေးရွာအုပ်စုရှိ KNDO စခန်းနဲ့ ကျိုက်မရော PDF ရှေ့တန်းစခန်းကို ဇန်နဝါရီ ၆ ရက် မနက် ၁၁ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ကေအန်ယူ သတင်းအရင်းမြစ်တွေက ပြောပါတယ်။
လေကြောင်းက ဗုံးကြဲရာမှာ စခန်းက လူတွေ ထိခိုက်မှု မရှိခဲ့ပါဘူး။ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ တံတားထိပ်ရာဘာခြံကိုလည်း လေကြောင်းက ဗုံးလာကြဲသွားပြီး လူ ထိခိုက်မှု ရှိ၊ မရှိကိုတော့ မသိရသေးဘူးလို့ ကျိုက်မရော PDF က ပြောပါတယ်။
အခုရက်ပိုင်းတွင်း စစ်ကောင်စီလေတပ်က KNLA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ရှိနိုင်တဲ့ နေရာတွေကို လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာနေတာပါ။
ကြာအင်းဆိပ်ကြီးအခြေစိုက် ၂၈၃ တပ်ရင်းကလည်း အနီးနားဝန်းကျင် ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ အခက်ခဲကြုံရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက် ည ၉ နာရီ ၁၅ မိနစ်က ရွှေဒိုးရွာထဲကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျတာကြောင့် နေအိမ် တချို့ ထိခိုက်ပျက်စီးပြီး ညတွင်းချင်း ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာလည်း ဇန်နဝါရီ ၆ ရက်က လှည်းလမ်းကူကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့လို့ ရွာသား ၂ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ည ၈ နာရီလောက်မှာ သိမ်ဇရပ်မြို့ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၂၀၇) တပ်က တိုက်ပွဲ မရှိဘဲ လှည်းလမ်းကူကျေးရွာထဲကို လက်နက်ကြီးနဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ လှည်းလမ်းကူကျေးရွာနေ ဦးကျော်မြင့်နေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆၀ နှစ်အရွယ် ဦးကျော်မြင့်နဲ့ အသက် ၁၇ နှစ်အရွယ် သမီးငယ် တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ ရွာသား ၂ ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ ရပါတယ်။
ကျိုက်ထိုမြို့နယ်ထဲက ကျေးရွာတွေအပေါ် စစ်ကောင်စီတပ်က ညတိုင်းလိုလို လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ ဗုံးခိုကျင်းတွေမှာ ပုန်းအိပ်နေရသလို တချို့ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်လို သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။
လက်ရှိမှာတော့ ကျိုက်ထိုမြို့နယ်ထဲက ဒေသခံတွေနဲ့ ရော်ဘာခြံလုပ်သားတွေဟာ စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတာကြောင့် လုပ်ငန်းတွေ ရပ်နားထားပါတယ်။
ဒီဇင်ဘာလ တစ်လအတွင်း သထုံခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်မှာတော့ ရေး-သံဖြူဇရပ်ကားလမ်း စံပြကျေးရွာအုပ်စု၊ ကြိုးတံတားမှာ လမ်းကင်းစောင့်နေတဲ့ BGFတပ်ဖွဲ့ဝင် နှစ်ယောက်ကို ဇန်နဝါရီ ၆ ရက် ညနေ ၆ နာရီကျော်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေးပြောက်ကျား YGF တပ်ဖွဲ့ဝင် ဗိုလ်ကျန်ရစ်က ပြောပါတယ်။
မိုင်းထိမှန်ပြီး BGF တပ်ဖွဲ့ဝင် ၂ ယောက်ကျသွားကာ အလောင်းကို သယ်ယူပြီးတာနဲ့ ၅၈၈ တပ်ရင်းက လက်နက်ကြီးနဲ့ စတင် ပစ်ခတ်ခဲ့တာကြောင့် စံပြရွာနားက ဒေသခံ အမျိုးသားတယောက် လက်နက်ကြီး ကျည်စထိမှန်ခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ ဗိုလ်ကျန်ရစ်က ဆက်ပြောပါတယ်။
လူမှုကယ်ဆယ်ရေးသမား တဦးက “လက်နက်ကြီးနဲ့ပစ်တာ ၇ ချက်လောက်ရှိမယ်။ လူနေအိမ်နဲ့ လူတွေ ထိခိုက်မှာ စိုးတာ။ အခု လောလောဆယ်တော့ လူထိခိုက်သေတာ မကြားရသေးဘူး”လို့ ဆိုပါတယ်။
ရေး-သံဖြူဇရပ်ကားလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်းတွေကို ဒေသကာကွယ်အရေးအဖွဲ့တွေ က မကြာခဏဆိုသလို ကြားဖြတ်တိုက်ခိုက်လေ့ရှိပါတယ်။