ရခိုင်ပြည်နယ်၊ မောင်တောမြို့ဦ ကျော်တည်းခိုခန့်ရှေ့မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တို့ ဇန်နဝါရီ ၆ ရက် ဒီနေ့မနက် ၉ နာရီေလာက်က သေနတ်တွေနဲ့ အပြန်အလှန်ချိန်ရွယ် ပစ်ခတ်လုနီးပါး ဖြစ်ပွားခဲ့ကြောင်း မျက်မြင်ဒေသခံတွေက ပြောပါတယ်။
“အေအေဘက်က အရာရှိတဦးနဲ့ တပ်ဖွဲ့ဝင် ၁၀ ဦးလောက် ကျော်တည်းခိုခန်းမှာ စစ်ကောင်စီကို သတင်းပေးပြီး တည်းခိုနေတာလို့ သိရတယ်ဗျ။ ဘယ်ကောင်က သတင်းသွားပေးလိုက်တာလဲ မသိဘူး။ မောင်တောရဲတပ်ဖွဲ့မှူးနဲ့ ရဲအင်အား ၂၀ လောက် လာဝိုင်းပြီး ဖမ်းဖို့ကြိုးစားတာ။ သေနတ်ကိုပါ သိမ်းထားတော့ အဲဒီရဲတွေကို အေအေဘက်က အင်အား ၄၀ လောက်က ပြန်ဝိုင်းပြီး သေနတ်ကိုပါ ပြန်ပေးဖို့တောင်းတာ။ သေနတ်တွေကို မောင်းတင်ပြီး အပြန်အလှန် ချိန်ရွယ်ထားကြတာ။ နောက်မှ စစ်တပ်က ဗျူဟာမှူးကို ဖုန်းဆက်မေးပြီး ပြေလည်သွားကြတယ်။”
မောင်တောမြောက်ပိုင်းကို ခရီးသွားမယ့် ရက္ခိုင့်တပ်တော် (အေအေ) ဘက်က နယ်မြေမှူး တဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦးဟာ စစ်ကောင်စီထံ သွားလာခွင့်တောင်းပြီး မောင်တောမြို့တွင်းရှိ ကျော်တည်းခိုခန်းမှာ တရားဝင် တည်းခိုနေခဲ့တာဖြစ်ပါတယ်။
“ပစ်ကြဖို့ အပြန်အလှန် ချိန်ထားကြတော့ အနီးအနားကပြည်သူတွေ ပုန်းသူပုန်း ဝပ်သူဝပ်ပေါ့ဗျာ။ အခုတော့ ပြေလည်သွားကြပါပြီ။ အေအေဘက်က အရာရှိနဲ့ အဖွဲ့ကတော့ သူတို့သွားမယ့်ခရီးကို ကားတွေနဲ့ ထွက်သွားကြပါပြီ” လို့ မျက်မြင်ဒေသခံတဦး ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ နှစ်ဖက်နားလည်မှုနဲ့ အပစ်အခတ်ရပ်စဲပြီးနောက် တဖက်နဲ့တဖက် ဆက်ဆံရေး မြင့်တက်လာကာ တပ်ဖွဲ့ဝင်အချင်းချင်း သတင်းပို့ပြီး ခရီးသွားလာခွင့်တွေပါ ပြုလုပ်လာနေကြတာလည်း ဖြစ်ပါတယ်။