ဇန်နဝါရီလ ၄ ရက် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးအထိမ်းအမှတ် စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာမှာ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က နိုင်ငံရေးအကျဉ်သား ၇ ဦး ပြန်လွတ်လာတယ်လို့ မိသားစုတွေနဲ့နီးစပ်သူတွေဆီကသိရပါတယ်။
ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက ဦးအောင်စိုး၊ ဦးပြည်စိုး ၊ CDM ဆရာမ ဒေါ်လင်းမြတ်မြတ်မိုးနဲ့ ခွေးမဖောရွာက ကိုသက်ကိုဦးတို့ လေးဦးဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၄ ရက်မှာ ဖမ်းဆီးခံရပြီး ၂၀၂၂ ဇန်နဝါရီလ ၂၈ ရက်မှာ ရာသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရပြီးနောက် တနှစ်ကျော်အကြာ ထိန်းသိမ်းခံရကာ အခုနှစ် လွတ်လပ်ရေးနေ့မှာ ပြန်လွတ်မြောက်လာတာ ဖြစ်ပါတယ်။
ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ထိန်ကြီးရွာက CDM ကျောင်းဆရာ ကိုနေဇာဟိန်း၊ ဦးမြစိုးနဲ့ ဒေါ်တရုတ်မတို့လည်း ပြန်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
နဘုလယ်ဒေသခံ ၃ ဦးဟာ ၂၀၂၁ နိုဝင်ဘာလ ၂၅ ရက်က သူတို့ရဲ့နေအိမ်တွေမှာပဲ ဖမ်းဆီးခံရပြီး ၅၀၅(က)ပုဒ်မနဲ့ တရားစွဲခံရကာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရခြင်း ဖြစ်ပါတယ်။
ထားဝယ်အကျဉ်းထောင် ထောင်တွင် ရေဖြူမြို့နယ်က နိုင်ငံရေးအကျဉ်သား ၃ ဦးကျန်ရှိနေဆဲ ဖြစ်ကြောင်း ပြန်လွတ်လာသူတွေဆီကသိရပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့က ထားဝယ်အကျဉ်းထောင် ကနေ အကျဉ်းသား အယောက် ၉၀ ပြန်လွတ်မြောက်သည့်အထဲမှာ နိုင်ငံရေးအကျဉ်သား ၄၆ ဦးလွတ်မြောက်လာတာဖြစ်ပါတယ်။