Home
ဆောင်းပါး
BURMA ACT 2022 မှာ ဘာတွေပါဝင်သလဲ
DVB
·
January 3, 2023
Article 2

BURMA ACT  ပါဝင်တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA 2023  ကို အမေရိကန်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီးနောက်  သမ္မတဂျိုးဘိုင်ဒင်က ဒေသစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက်မှာ အတည်ပြုလက်မှတ်ရေးထိုးခဲ့လို့ ဥပဒေ စတင် အသက်ဝင်နေပြီဖြစ်ပါတယ်။ NDAA 2023  ဥပဒေထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့  BURMA ACT 2022  ကိုပါ တပါတည်း ထည့်သွင်းအတည်ပြုလိုက်တာဖြစ်ပြီး  ဒီအထဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘယ်လို မူဝါဒတွေ ပါဝင်သလဲဆိုတာကို အကြမ်းဖျင်း အကျဥ်းချုံး ဖော်ပြလိုက်ပါတယ်။

အပိုင်း (၁) မြန်မာပြည်ပဋိပက္ခဆိုင်ရာ ကိစ္စရပ်များ

ပုဒ်မ ၅၅၆၉ မှာ အမေရိကန်နိုင်ငံရဲ့ ပေါ်လစီကို ဖော်ပြထားပါတယ်။ စုစုပေါင်း ၈ ချက်ရှိပါတယ်။

၁။ တရားမျှတမှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေကို ဆက်လက်ထောက်ခံဖို့၊

၂။ မြန်မာစစ်တပ်ကို ဆန့်ကျင်ကာ စစ်အုပ်ချုပ်ရေးကို အမြစ်ဖြတ်ဖို့ ကြိုးစားနေတဲ့ CRPH၊ PDF၊ CDM၊ NUG နဲ့ တခြား‌သော အဖွဲ့အစည်းတွေရဲ့ အားထုတ်မှုတွေကို ထောက်ခံအား‌ပေးဖို့၊

၃။ မြန်မာပြည်မှာ အရပ်သားအစိုးရ ပြန်လည်ပေါ်ထွက်လာတဲ့အထိ ထောက်ခံမယ်၊ ပြီးတော့ အဲ့ဒီအရပ်သားအစိုးရလက်အောက်မှာ ပြင်လည်ပြုပြင်ထားတဲ့ စစ်တပ်ကို ထားရှိရမယ်၊ ဒါ့အပြင် ဖွဲ့စည်းပုံ၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်ဖို့၊

၄။ မြန်မာပြည်သူတရပ်လုံးအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို တာဝန်ခံခိုင်းဖို့၊

၅။ မြန်မာစစ်တပ်ကို ကူညီတဲ့အတွက် ရုရှားကိုရော၊ တရုတ်ကိုပါ တာဝန်ခံခိုင်းဖို့၊

၆။ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို ဆက်လက်ပေးအပ်ဖို့၊

၇။ မြန်မာပြည်မှာ မတရားသဖြင့် ဖမ်းဆီးခံထားရသူတွေကို တယောက်မကျန် ခြွင်းချက်မရှိ ပြန်လွှတ်ဖို့၊

၈။ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တခြားဒေသတွေမှာ ရောက်နေတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့၊ စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

အပိုင်း(၂) မြန်မာပြည်နဲ့ပတ်သက်ပြီး ပေါ်လစီညှိနှိုင်းခြင်း၊ ဒဏ်ခတ်ပိတ်ဆို့ခြင်း

ပုဒ်မ ၅၅၇၀ မှာတော့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ ပတ်သက်ပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ပုဒ်မ ၅၅၇၁ မှာတော့ မြန်မာပြည် စစ်အာဏာသိမ်းမှုကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိလာပါတယ်။ အဲ့ဒါတွေနဲ့စပ်လျဉ်းပြီး ဆန်ရှင်ချမှတ်တာတွေနဲ့ ပတ်သက်ပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

ပုဒ်မ ၅၅၇၁ ရဲ့ ပုဒ်မခွဲ (၁) မှာ -

အမေရိကန်သမ္မတဟာ BURMA ACT ပြဋ္ဌာန်းပြီး ရက်ပေါင်း ၁၈၀ ထက် နောက်မကျစေဘဲ ပုဒ်မခွဲ (ဃ) မှာ ဖော်ပြထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု (ဆန်ရှင်) တွေကို ချမှတ်ရမှာဖြစ်ပါတယ်။ ဘာတွေလဲဆိုရင်

  • မြန်မာစစ်တပ် (သို့မဟုတ်) လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ထိပ်ပိုင်းအရာရှိတွေ၊ စစ်ကောင်စီရဲ့ ထိပ်ပိုင်းအရာရှိတွေ
  • မြန်မာ့စီးပွားရေးလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေ
  • စက်မှုပိုင်းနဲ့ ထုတ်ယူရေးအပိုင်းမှာ လုပ်ကိုင်နေပြီး မြန်မာစစ်တပ်အတွက် ဘဏ္ဍာရေးအရ သိသိသာသာ အထောက်အပံ့ဖြစ်စေမယ့် မြန်မာပြည်ရဲ့ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းတွေ

အဲ့ဒီ လူတွေ၊ အဖွဲ့အစည်းတွေကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့တာတွေ လုပ်မှာဖြစ်ပါတယ်။

ပုဒ်မခွဲ (ခ) မှာတော့ -

  • နိုင်ငံခြားဘဏ္ဍာရေးအဖွဲ့အစည်း တခုခုကနေ စာပေးစာယူအကောင့်တွေ၊ ငွေပေးချေတဲ့ အကောင့်တွေကို အမေရိကန်နိုင်ငံမှာဖွင့်တာ ဒါမှမဟုတ် ထိန်းသိမ်းထားတာ၊ အဲ့ဒါတွေနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ စည်းကမ်းချက်တွေ ချမှတ်တာ၊ တားမြစ်တာတွေ လုပ်ရမယ်။

အဲ့ဒီ နိုင်ငံခြားဘဏ္ဍာ‌ရေးအဖွဲ့အစည်းဟာ ပုဒ်မခွဲ (က) အရ အမေရိကန်သမ္မတကနေ ဒဏ်ခတ်ပိတ်ဆို့ခံထားရသူတွေကိုယ်စား သိသာထင်ရှားတဲ့ လုပ်ငန်းကိုင်ငန်းတွေ လုပ်ကိုင် ဆောင်ရွက်ပေးနေတာ၊ အကူအညီပေးနေတာဆိုရင် အဲ့အဖွဲ့အစည်းတွေကို ဒဏ်ခတ်ပိတ်ဆို့မှာ ဖြစ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

ပုဒ်မခွဲ (ဂ) အရ -

အမေရိကန်သမ္မတအနေနဲ့ ထပ်တိုး ဒဏ်ခတ်ပိတ်ဆို့မှုတွေလည်း လုပ်ပိုင်ခွင့်ရှိပါသေးတယ်။ ဘာတွေနဲ့ပတ်သက်သလဲဆိုရင် …

(က) မြန်မာ့ရေနံနဲ့ဓာတ်‌ငွေ့လုပ်ငန်း၊

(ခ) စက်မှုနဲ့ ထုတ်ယူရေးလုပ်ငန်း မဟုတ်တဲ့ တခြားသော နိုင်ငံတော်ပိုင်လုပ်ငန်းတွေ၊ ပြီးတော့ အဲ့ဒီလုပ်ငန်းတွေကတဆင့် မြန်မာစစ်တပ်ကို ဘဏ္ဍာရေးအရ သိသိသာသာ အကျိုးရှိစေတာမျိုးဆိုရင်၊

(ဂ) ပုဒ်မခွဲ (က) မှာ ဖော်ပြထားသူတွေရဲ့ ခင်ပွန်း (သို့မဟုတ်) ဇနီး (သို့မဟုတ်) အရွယ်ရောက် သားသမီးတွေ၊

(ဃ) ၂၀၂၁‌ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းကတည်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တိုက်ရိုက်ဖြစ်စေ၊ သိရက်နဲ့ဖြစ်စေ ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံခြားသားတွေ၊ (အဲ့ဒီနိုင်ငံခြားသားဆိုသူတွေဟာ မြန်မာပြည်သူတွေကို ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်နေတဲ့ နေရာမှာ ကူညီတဲ့၊ ပါဝင်ကြတဲ့သူတွေပဲ ဖြစ်ပါတယ်။)

(င) မြန်မာ့တပ်မတော်အတွက် စစ်ရေးအသုံးအဆောင်တွေ ထောက်ပံ့ပေးတဲ့ မြန်မာ့အဖွဲ့အစည်းတွေ၊

အဲ့ဒီပုဒ်မခွဲ (ဂ) ပါ အရာအားလုံးနဲ့ပတ်သက်ပြီး အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှာပဲ ဖြစ်ပါတယ်။

အဲ့ဒီလူ‌တွေ၊ အဖွဲ့အစည်းတွေအပေါ်မှာ ဒဏ်ခတ်ပိတ်ဆို့ရာမှာ ဘာတွေကို ဒဏ်ခတ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပုဒ်မခွဲ (ဃ) မှာ ဆက်လက်ဖော်ပြထားပါတယ်။

  • အဲ့ဒီဒဏ်ခတ်ပိတ်ဆို့ခံရသူတွေရဲ့ ပိုင်ဆိုင်မှု‌တွေ၊ အကျိုးစီးပွားတွေဟာ အမေရိကန်ပြည်‌ထောင်စုအတွင်းမှာ ရှိနေမယ်ဆိုရင် (သို့မဟုတ်) အဲ့ဒီ ပိုင်ဆိုင်မှုတွေ၊ အကျိုးစီးပွားတွေဟာ အမေရိကန်နိုင်ငံသား တယောက်ယောက်ရဲ့ လက်ဝယ်ပိုင်ဆိုင်မှု၊ ထိန်းချုပ်မှုအောက် ရှိနေတာမျိုးဆိုရင် အဲ့ဒီပိုင်ဆိုင်မှုတွေ၊ အကျိုးစီးပွားတွေကို ပိတ်ဆို့တာ၊ တားမြစ်တာတွေ လုပ်မှာဖြစ်ပါတယ်။
  • နိုင်ငံခြားငွေလဲလှယ်မှုတွေနဲ့ ပတ်သက်ရင်လည်း တားမြစ်တာတွေ၊ ပိတ်ဆို့တာတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။
  • ဗီဇာတွေ၊ ပြည်ဝင်ခွင့်တွေနဲ့ ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့တာတွေ ဖြစ်ပါတယ်။
  • လက်ရှိကိုင်ဆောင်ထားတဲ့ ဗီဇာကို ရုပ်သိမ်းတာတွေအထိ လုပ်ဆောင်နိုင်ပါတယ်။

ပုဒ်မခွဲ (င) မှာတော့ စွမ်းအင်ကဏ္ဍမှာ လုပ်ကိုင်နေကြတဲ့ မြန်မာပြည်ရဲ့ နိုင်ငံ‌တော်ပိုင် လုပ်ငန်းတွေနဲ့ ပတ်သက်ရင် အမေရိကန်သမ္မတက ဆန်းစစ်အကဲဖြတ်ကာ သက်ဆိုင်ရာ လွှတ်တော်ကော်မတီတွေထံ အစီရင်ခံ တင်ပြရမှာဖြစ်ပါတယ်။

ပုဒ်မခွဲ (စ)၊ (ဆ)၊ (ဇ) မှာတော့ ခြွင်းချက်တွေ၊ သက်ညှာခွင့်တွေ၊ ပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေကို ဆေးဝါး၊ ဆေးပစ္စည်း၊ လယ်ယာသုံးပစ္စည်းတွေ ရောင်းချတာတွေ၊ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေပေးတဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေ၊ စတာတွေနဲ့ပတ်သက်ရင် ခြွင်းချက်ပေးထားပါတယ်။ ဒီလိုပဲ ၁၉၉၇၊ မေလ ၂၁ မတိုင်ခင် အမေရိကန်နိုင်ငံသားတွေနဲ့ မြန်မာအစိုးရကြား သဘောတူထားတဲ့ စာချုပ်တွေ၊ အဲ့ဒီသ​​​ဘောတူစာချုပ်အရ အခွင့်အရေးတွေကို အသုံးပြုတာတွေကိုလည်း ခြွင်းချက်ပေးထားပါတယ်။ ပြစ်ဒဏ်အပိုင်းမှာတော့ ဒီပုဒ်မအရ ဖော်ပြထားတဲ့ အချက်တွေကို ချိုးဖောက်တာ၊ ချိုးဖောက်ဖို့ ကြိုးပမ်းတာ၊ လှုံ့ဆော်တာမျိုးဆိုရင် International Emergency Economic Power Act ရဲ့ ပုဒ်မ ၂၀၆(ခ) နဲ့ (ဂ) အရ ပြစ်ဒဏ်ချမှတ်မယ်။ စသဖြင့် ဖော်ပြထားတာပါ။

ပုဒ်မ ၅၅၇၂ မြန်မာပြည်အတွက် ဒဏ်ခတ်ပိတ်ဆို့ခြင်း၊ ပေါ်လစီ ညှိနှိုင်းခြင်း

ဒီပုဒ်မမှာဆိုရင် လူ့အခွင့်အရေးမြှင့်တင်ဖို့၊ မြန်မာပြည်မှာ အရပ်သားအစိုးရ ပေါ်ပေါက်ဖို့ လုပ်ရာမှာ ထိထိရောက်ရောက် ဖြစ်စေရမယ်။ အဲ့ဒီလိုဖြစ်စေဖို့ဆိုရင် အမေရိကန်ရဲ့ သံတမန်စွမ်းရည်ကို အစွမ်းကုန် အသုံးချနိုင်ဖို့ ကျယ်ပြန့်လွှမ်းခြုံတဲ့ မဟာဗျူဟာတရပ် ချမှတ်နိုင်ရန် ဖြစ်ပါတယ်။

ပုဒ်မ ၅၅၇၃ မြန်မာပြည်အရေးတွင် UN အနေဖြင့် ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် ထောက်ခံအားပေးခြင်း

ဒီပုဒ်မမှာဆိုရင် အမေရိကန်အနေနဲ့ သူ့ရဲ့ ကုလဆိုင်ရာ အမြဲတမ်းသံအမတ်ကို မြန်မာ့အရေးနဲ့ ပတ်သက်ရင် UN အနေနဲ့ ဒီထက်ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်အောင် သူ့ရဲ့ အမြဲတမ်းကိုယ်စားလှယ်ကတဆင့် ထောက်ခံ၊ တိုက်တွန်းတာတွေ ပြုလုပ်ဖို့ဖြစ်ပါတယ်။ UN ဆိုရာမှာလည်း အဓိကအားဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီကတဆင့် တင်ပြတောင်းဆို၊ တိုက်တွန်းတာတွေ ဖြစ်ပါတယ်။ ဘာတွေကို တိုက်တွန်းရမယ်ဆိုရင် …

၁။ မြန်မာစစ်တပ်ကို အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ မတရားသဖြင့် ဖမ်းဆီးခံထားရသူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဆိုတာကို လုံခြုံရေးကောင်စီမှာ ဆက်လက်တောင်းဆိုဖို့၊

၂။ မြန်မာနဲ့ပတ်သက်ပြီး တကမ္ဘာလုံးက လက်နက်တင်ပို့မှုတွေ ချက်ချင်းပိတ်ဆို့အရေးယူဖို့၊

၃။ စစ်အုပ်စုကတဆင့် အကူအညီပေးတာတွေကို ဖြတ်တောက်မယ်။ အဲ့ဒီအစား ကုလအဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေကတဆင့် မြန်မာပြည်သူတွေကို တိုက်ရိုက်ကူညီပေးဖို့၊

၄။ မြန်မာစစ်တပ်ကို ဖြစ်နိုင်သမျှ နိုင်ငံပေါင်းစုံကနေ အရေးယူနိုင်ဖို့ ထည့်သွင်းစဥ်းစားရမယ်။

အမေရိကန်လွှတ်တော်တွေရဲ့ သဘောထားရပ်တည်ချက်မှာဆိုရင်လည်း ကုလရဲ့ ဘယ်အဖွဲ့အစည်းမှာမှ မြန်မာစစ်တပ်ကို မြန်မာပြည်ရဲ့ တရားဝင်အစိုးရအနေနဲ့ အသိအမှတ် မပြုကြဖို့ ဆိုတာတွေလည်း ပါရှိပါတယ်။

ပုဒ်မ ၅၅၇၄ ဒဏ်ခတ်ပိတ်ဆို့မှု ပြီးဆုံးချိန်

အခု BURMA ACT အရ ဆန်ရှင် ချမှတ်နိုင်ခွင့်အာဏာဟာ ၈ နှစ်ပြီးတဲ့နောက် အဆုံးသတ်ရမယ်။ ဒါပေမဲ့ မြန်မာပြည်မှာ သိသာထင်ရှားတဲ့ တိုးတက်မှု မရှိမချင်း ဒီ ဆန်ရှင်တွေဟာ အကျိုးသက်ရောက်မှု ရှိနေမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန် သမ္မတဟာ သီးခြား လူပုဂ္ဂိုလ်တဦးချင်းပေါ် ချမှတ်ထားတဲ့ ဆန်ရှင်တွေကို သက်ဆိုင်ရာ ကွန်ဂရက်ကော်မတီထံသို့ တင်ပြခြင်းဖြင့်လည်းကောင်း၊ အကြောင်းပြချက်ပေးခြင်းဖြင့် လည်းကောင်း ဆန်ရှင်တွေကို အဆုံးသတ်နိုင်တယ်။

ဘယ်အခြေအနေမှာလဲဆိုရင် …

၁။ မြန်မာစစ်တပ်ဟာ အာဏာသိမ်းကတည်းကနေ အခုထိ ဖမ်းဆီးခံထားရသူ အားလုံးကို လွှတ်ပေးရင် (သို့) 

၂။ မြန်မာပြည်ရဲ့ ရွေးကောက်ခံအစိုးရကို ပြန်ပြီး အာဏာလွှဲရင် (သို့) လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအသစ်ကို ကျင်းပပြီးရင်

၃။ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ အနိုင်ရသူတွေအပေါ် တရားစွဲထားတာတွေကို ပယ်ဖျက်ပေးရင်

၄။ စစ်တပ်ကို အရပ်သားလက်အောက်မှာ ထားရှိမယ့်၊ လွှတ်တော်အသီးသီးမှာ အစိတ်သား စစ်တပ်ကိုယ်စားလှယ်တွေ မရှိတော့မယ့် အနေအထားရောက်အောင် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်တာ (သို့မဟုတ်) အစားထိုးတာမျိုး ပြုလုပ်မယ်ဆိုရင်

အဲ့လိုအခြေအနေတွေ ပေါ်ပေါက်လာရင် သမ္မတဟာ သူကိုယ်တိုင်ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရပ်ဆိုင်းနိုင်ပါတယ်။

အပိုင်း (၃) မြန်မာပြည်ကို အကူအညီပေးဖို့အတွက် လျာထားငွေ အသုံးပြုပိုင်ခွင့်

ပုဒ်မ ၅၅၇၅ လျာထားငွေနှင့်သက်ဆိုင်သော အထွေထွေလုပ်ပိုင်ခွင့်

အဲ့ဒီလျာထားငွေတွေကို ဘဏ္ဍာနှစ် ၂၀၂၃ မှ ၂၀၂၇ အထိ အသုံးပြုခွင့်ရှိပါတယ်။ အဲ့ဒီငွေတွေကို ဘယ်နေရာမှာ အသုံးပြုရမလဲဆိုရင် …

၁။ မြန်မာပြည်ရဲ့ တိုင်းရင်းသားဒေသတွေမှာ၊ တိုင်းရင်းသားဒေသတွေ အချင်းချင်းကြားမှာ ဖက်ဒရယ်စနစ် အားကောင်းစေဖို့ ပြုလုပ်တဲ့အစီအစဥ်တွေ၊

၂။ အားလုံးပါဝင်တဲ့ ကိုယ်စားပြု ဒီမိုကရေစီ လှုပ်ရှားမှုတွေ ပေါ်ပေါက်စေဖို့အတွက် လုပ်ဆောင်‌နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်ရေးပိုင်း လုပ်ငန်းတွေ၊

၃။ ထိန်းချုပ်ကွပ်ကဲမှု၊ ဆက်သွယ်မှုတွေ အားကောင်းစေရန် EAO တွေ PDF တွေနဲ့ ဒီမိုကရေစီလိုလားတဲ့ အဖွဲ့အစည်းတွေကို နည်းပညာနဲ့ သေစေနိုင်တာမျိုးမဟုတ်သော အကူအညီတွေပေးဖို့၊

၄။ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ရှုတ်ချပြီး အရပ်သားအစိုးရကို ထောက်ခံ‌တဲ့ ဗမာစစ်တပ် အဖွဲ့ဝင်ဟောင်းတွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ၊ လှုပ်ရှားမှုတွေ၊

၅။ မြန်မာပြည်ရှိ ရက်စက်ကြမ်းကြုတ်မှုတွေကို စုံစမ်းဖို့၊ မှတ်တမ်းတင်ဖို့အတွက် အရပ်ဘက်အဖွဲ့တွေကို အကူအညီပေးမယ့် အစီအစဉ်တွေ၊

၆။ မတရားသဖြင့် ဖမ်းခံရသူတွေကို အားပေးထောက်ခံနေတဲ့ အဖွဲ့တွေကို အကူအညီပေးမယ့် အစီအစဉ်တွေ၊

၇။ မြန်မာပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့ အရပ်ဘက်အဖွဲ့တွေ၊ တိုင်းရင်းသားအုပ်စုတွေကို အကူအညီပေးမယ့် အစီအစဉ်တွေ၊

အဲ့ဒီအချက်တွေနဲ့ ပတ်သက်ရင် ခွင့်ပြုထားတဲ့ ရန်ပုံငွေကို အသုံးပြုနိုင်ပါတယ်တဲ့။

ပုဒ်မ ၅၅၇၆၊ ပုဒ်မ ၅၅၇၅ ကနေ ခွင့်ပြုငွေတွေကို ကန့်သတ်ခြင်း

အဲ့ဒီ ပုဒ်မ ၅၅၇၅ က‌ ခွင့်ပြုထားတဲ့ ငွေတွေကို မြန်မာစစ်တပ်နှင့် နစကအတွက်ဖြစ်စေ၊ မြန်မာစစ်တပ် (သို့) နစကရဲ့ အဖွဲ့ဝင် (သို့) မြန်မာစစ်တပ် (သို့) နစက က ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေထံကိုဖြစ်‌စေ၊ လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်ထားတဲ့ အဖွဲ့အစည်း (သို့) လူပုဂ္ဂိုလ် တဦးချင်းထံသို့လည်းကောင်း၊ မြန်မာပြည်ရှိ လူပုဂ္ဂိုလ်တဦးချင်း (သို့) ဘာသာရေးအဖွဲ့အစည်းများ (သို့) လူမျိုးစုအဖွဲ့အစည်းများအပေါ် အကြမ်းဖက်မှုကို ထောက်ခံသော အဖွဲ့အစည်း (သို့) လူပုဂ္ဂိုလ်တဦးတယောက်တွေထံကိုဖြစ်စေ မည်သည့်ရန်ပုံငွေမျှ ထောက်ပံ့ခြင်းမပြုစေရလို့ ပြဋ္ဌာန်းထားပါတယ်။

ပုဒ်မ ၅၅၇၇ သက်ဆိုင်ရာ ကွန်ကရက်ကော်မတီကို အဓိပ္ပါယ်ဖွင့်ဆိုထားတာပဲ ဖြစ်ပါတယ်။

အပိုင်း(၄) လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းများ၏ ကြိုးပမ်းမှု

ပုဒ်မ ၅၅၇၈

  • လူ့ခွင့်အရေး ချိုးဖောက်မှုများနဲ့ပတ်သက်ပြီး ဆန့်ကျင်တိုက်ပွဲဝင်နေမှုများအ​ပေါ် နည်းပညာအကူအညီ ပေးအပ်မယ်၊
  • မြန်မာစစ်တပ်က ကျူးလွန်နေသော ဂျီနိုဆိုက်၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်မှု၊ စစ်ရာဇဝတ်မှု အဲ့ဒါတွေနဲ့ပတ်သက်ပြီး ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အစည်း မှန်သမျှကို အကူအညီပေးအပ်မယ်၊
  • ဒါ့အပြင် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ယန္တရားများ တည်ဆောက်ရာတွင်၊ လည်ပတ်ရာတွင် အထောက်အပံ့ အကူအညီပေးဖို့ စတာတွေ ပါဝင်ပါတယ်။ အဲ့ဒီလိုတွေ ကူညီနိုင်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို အာဏာပေးအပ်ထားပါတယ်။

အပိုင်း (၅) ကုန်စည်တင်ပို့ခြင်းနှင့် ပတ်သက်သော ခြွင်းချက်

ပုဒ်မ ၅၅၇၉ ကုန်စည်တင်ပို့ခြင်းနှင့် ပတ်သက်သောခြွင်းချက်များ-

ဤခေါင်းစဥ်အရ ခွင့်ပြုထားတဲ့ ဆန်ရှင်တွေထဲမှာ ကုန်ပစ္စည်းတင်ပို့ခြင်းနှင့် ပတ်သက်ပြီး မသက်ဆိုင်စေရပါဘူး။

နွေဦးဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024