Home
ဆောင်းပါး
သီတဂူ၊ ဆိုက်ဝါးနှင့် ဉာဏ်ခံအား
DVB
·
January 3, 2023
Article 1 C

ဆောင်းနံနက်ခင်း ‌ဖေ့စ်ဘွတ်ခ် ဖွင့်လိုက်သည်နှင့် ဆီးကြိုနှုတ်ဆက်လာသည်က သီတဂူဘုန်းကြီး၏ တပိုင်းတစ စကားများ။ တပိုင်းတစ စကားများဟု သုံးရသည်က တရားဟု ပြောမရ၍ဖြစ်၏။ သီတဂူဘုန်းကြီး စကားပြောဟန်ပါ ဗီဒီယိုဖိုင်တွင်လည်း တရားဟောပလ္လင်ထက်မှ ပြောနေတာမျိုးမဟုတ်။ သာမန်ဆိုဖာခုံတခုပေါ် ထိုင်ရင်း ပြောနေဟန်။ မည်သူတို့ကို ပြောနေသည်မူ မသိရ။ ရုပ်သံဖိုင်တွင် နားထောင်နေသူတို့ကို ဝိုးတဝါးပင် မပြ။ ဖြတ်တောက်ပြသထားသည့် ရုပ်သံ။

ဘာတွေပြောသွားသည် ဆိုသည်ကိုမူ စာလေးမည်စိုး၍ ခရေစေ့တွင်းကျ ပြန်လည် စာစီမပြလိုတော့။ သီတဂူဘုန်းကြီး ဆိုသည်နှင့် စိတ်ဝင်စားသူ များပြီးသား။ သည်တော့ ဒီရုပ်သံဖိုင်နှင့် ပြောစကားများကို ဖေ့စ်ဘွတ်ခ်သုံးသူတိုင်း တွေ့မြင် သိရှိပြီးဖြစ်မည်။ အတော်များများကမူ တုံ့ပြန်ဝေဖန်ပြီးပင် ဖြစ်နေလိမ့်မည်။ ဝေဖန်ချင်စရာလည်း ကောင်းလှသည် မဟုတ်ပါလား။

စာရေးသူလည်း ရုပ်သံဖိုင် စတွေ့တွေ့ချင်း ဝေဖန်စောကြောမိသည်။ ဘုန်းကြီး၏ ပြောစကားသက်သက်ကိုတော့ မဟုတ်။ ဒီဗီဒီယိုဖိုင်က ဘယ်အချိန်၊ ဘယ်ကာလက ဘယ်နေရာမှာ ဘယ်သူတွေကိုပြောနေတဲ့ စကားလဲဟု စတင်စောကြောကြည့်သည်။ သူ့ကျောင်းမှာပဲ သူ့တပည့်ကိုယ်တော်တွေကို ပြောနေခြင်းလား။ သို့တည်းမဟုတ် တခြားနေရာမှာ ဒကာ၊ ဒကာမတွေကို ပြောနေခြင်းလား။ ရုပ်သံဖိုင်မှာ ဘာတခုမျှ ခြေရာခံမရ။ မျက်စိစုံမှိတ် ဝေဖန်လိုသူတို့ကလည်း ဘာမျှ ရှည်ရှည်ဝေးဝေး တွေးနေဖို့မလို၊ စောကြောနေဖို့မလို သူ့ပြောစကားကိုက မဟုတ်တမ်းတရားဟု ပြောချင် ပြောကြပါလိမ့်မည်။

တွေးရပါသည်။ စောကြောရပါမည်။ စာရေးသူသည် တပ်ဖွဲ့ဖျက်သိမ်းပြီး ထောင်ချခံခဲ့ရသော စစ်ထောက်လှမ်းရေး အရာရှိဟောင်းများနှင့် ထိတွေ့ဆက်ဆံဖူးသည်။ အလွတ်သဘော မေးမြန်းမှု များစွာပြုဖူးသည်။ ဒီတော့ ထောက်လှမ်းရေးတို့ ကိုင်စွဲတတ်သည့်  စိတ်ဓာတ်စစ်ဆင်ရေးနည်းလမ်း (Psycho-War) များကို တီးမိခေါက်မိရှိသည်။ မြန်မာစစ်တပ်ရှိ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်‌ဆင်ရေးဌာနသည် တီးဝိုင်းဖွဲ့၍ နယ်လှည့်ကာ ဆိုကရေးတီးအမှုသာ ပြုတတ်သည်ဟု ထင်လျှင် မှားပေမည်။ ယခု စရဖလက်ထက် မည်သို့ရှိမည်ကို သေချာဂဏမသိသော်လည်း ဗိုလ်ခင်ညွန့်လက်ထက်ကမူ စိတ်ဓာတ်စစ်ဆင်ရေးဌာနနှင့် ထောက်လှမ်းရေးတို့သည် ချိတ်ဆက်လုပ်ဆောင်ကြသည်။

နိုင်ငံရေးရေချိန် မြင့်တက်လာသည့်အခါတိုင်း ဆန်အတု ပေါ်နေပြီ၊ ကြက်ဥအတုတွေ တရုတ်က သွင်းနေတယ် စသည်ဖြင့် အများသူငါ စိတ်ဝင်စားလွယ်မည့် အကြောင်းအရာများဖြင့် စိတ်ဓာတ်စစ်ဆင်ရေးလုပ်သည်။ ‌နိုင်ငံရေးမတွေးနှင့်။ စိတ်မဝင်စားနှင့်။ ကိုယ်စားမည့် အစားအစာ ဘေးကင်းရေးသာ တွေးကြပေရော့။ ဤသို့ စိတ်ဓာတ်စစ်ဆင်ရေးဌာနက ချပေးသော ဆိုက်ဝါး (Psycho-War) ကို စစ်ထောက်လှမ်းရေးက ပြည်သူလူထုအတွင်း သွတ်သွင်းပေးရလေ့ရှိသည်။ တောက်တဲ့ ဈေးကောင်းပေးဝယ်သည်၊ မိုးကြိုးသွား ကြိုက်ဈေးရမည်၊ ဟင်္သာရုပ်အလေး သိန်းရာချီပေးဝယ်သည်ဆိုသော လောဘအိုးများကို ထည့်သည့် ဆိုက်ဝါးများလည်း ရှိသေးသည်။

ထောက်လှမ်းရေးဟောင်းများနှင့် ထိတွေ့ဆက်ဆံထားဖူး၍ ထိုထိုသော ဆိုက်ဝါးမျိုးစုံကို သိနားလည်ထားသဖြင့် ရုတ်တရက် ပေါ်ထွက်လာ‌သည့် သီတဂူဘုန်းကြီး၏ ဗီဒီယိုဖိုင်ကိုလည်း သင်္ကာမကင်း။ ဘာ့ကြောင့် ဒီဗီဒီယိုဖိုင်က အခုမှ ပြန့်လာသလဲ။ စဉ်းစားမရ။ မွန်းမလွဲမီအတွင်း သီတဂူ ဗီဒီယိုဖိုင်က ပျံ့နေပြီ။ ဝေဖန်သံလည်း ညံနေပြီ။ မွန်းလွဲပြီး ညနေသုံးနာရီခန့်ရောက်မှ ဆက်စပ်ကြည့်စရာ အကြောင်းအရာက ပေါ်လာသည်။ ဒီဇင်ဘာ ၃၀ ရက်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီ စွဲဆိုထားသည့် အမှုအားလုံး ပြီးပြတ်သည့်နေ့။ အစိုးရသုံး ရဟတ်ယာဉ်ဝယ်ယူမှုအတွက် ထောင် ၇ နှစ် နောက်ဆုံး ထပ်တိုးချမှတ်လိုက်သည့်နေ့။ သည်နေ့မှာပဲ သီတဂူ ပြောစကားတပိုင်းတစကို လူမှုကွန်ရက်ပေါ် လွှင့်ထုတ်လိုက်ခြင်း ဖြစ်၏။

“ဆိုက်ဝါးပဲပေါ့ဗျာ၊ လူထုရဲ့အာရုံကို လွှဲပြောင်းပစ်လိုက်တာပေါ့”

ဤသည်မှာ ညပိုင်း လိုင်းပေါ်တက်လာသော ထောက်လှမ်းရေးဟောင်းကို မေးမြန်းမိရာ သူ၏ ကနဦး မှတ်ချက်ပြုစကား။ သူက ဆက်ပြောသည်။ သီတဂူ ဗီဒီယိုဖိုင်ဖြင့် ခဲတလုံးတည်းဖြင့် ငှက်သုံးကောင် ပစ်သွားသည်ဟူ၏။ (၁) ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားပြစ်ဒဏ်များ ချမှတ်လိုက်ခြင်းကို လူထုအာရုံမပြုကြစေရန်၊ (၂) သာသနာ့ဝန်ထမ်းသည်သာ အခရာဟု မှတ်ယူထားသော သံဃာတော်တချို့နှင့် ဒီမိုကရေစီလိုလားသူများ သွေးကွဲစေရန်၊ (၃) စစ်တပ်အတွင်း ဒီမိုကရေစီလိုလားသူများသည် အခြေခံကျကျ မစဉ်းစားတတ်ဘဲ၊ ဖြစ်စဉ်အမှန်မသိဘဲ ဝေဖန်ပြစ်တင်စောသူများအဖြစ် ပုံဖော်ရန်နှင့် ပိုမိုဖိနှိပ်နှိမ်နင်းရဲရေး တွန်းအားဖြစ်စေရန်တို့ ဖြစ်တယ်လို့ ထောက်လှမ်းရေး အရာရှိဟောင်းက သုံးသပ်ပြသည်။

“ကျနော်လည်း အဲ့ဒီဖိုင်တိုလေးကို ခဏခဏ ပြန်ကြည့်ပါတယ်။ စကားလေးနည်းနည်း ပြောမယ်ဆိုတာနဲ့ စတယ်ဗျာ။ ပြီးတော့ ဒါ ... တွေးကြည့်တာပေါ့ဆိုတဲ့ စကားမှာပဲ ဖိုင်ကို ဖြတ်ချထားတယ်။ ဆိုတော့ ဘုန်းကြီးပြောတဲ့ နောက်ဆက်တွဲစကားတွေကို ကျနော်တို့ မသိရဘူးလေ။ တကယ့်အပြင်မှာက သူက ဒါတော့ တွေးကြည့်တာပါ၊ တကယ်တော့ ဒီလို မဟုတ်ဘူးဆိုပြီး ဆက်ပြောသွားတာမျိုးလည်း ဖြစ်နိုင်တယ်လေ၊ လုံးစေ့ပတ်စေ့ မသိနိုင်တာတွေကို ဝေဖန်ရတာက တော်တော်ခက်ပါတယ်၊ သေချာတာကတော့ ဒါ ဆိုက်ဝါးပါပဲ၊ ဘုန်းကြီးလမ်းကြောင်းကနေ install လုပ်ပေးလိုက်တာပဲဖြစ်မယ်” ဟု ထောက်လှမ်းရေးဟောင်းက ဆက်ပြောသည်။

သေချာသည်မှာ ဘေးကျပ်နံကျပ်ဖြစ်နေသော စစ်ကောင်စီသည် နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကိုသာ ဆုပ်ကိုင်တော့မည်ဖြစ်၏။ ရွေးကောက်ပွဲအကြိုကာလတွင် ဆိုက်ဝါးများစွာ၊ များစွာ လွှင့်ထုတ်လာမည်ဖြစ်သည်။ စစ်အုပ်စုက လွှတ်ထုတ်လိုက်သော ဆိုက်ဝါးများအား ဝေဖန်ရှုတ်ချရင်း အချိန်ကုန်ခံကြမည်လား၊ ပြဿနာပေါင်းစုံ၏ ရင်းမြစ်ဖြစ်သော အာဏာရှင်စနစ် အမြစ်ဖြတ်ရေးကိုသာ တစိုက်မတ်မတ် အာရုံစိုက်ကြမည်လား ဆိုသည်မှာမူ ဒီမိုကရေစီလိုလားသူများ၏ အသိဉာဏ် ခံအားအပေါ်သာ တည်မီပါလိမ့်မည်။

စောအဲမွန်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024