စစ်အာဏာရှင်စနစ် တိုက်ထုတ်ဖို့အတွက် အာဏာသိမ်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖွဲ့၃ ဖွဲ့က မြန်မာပြည်သူတွေကို နှစ်သစ်ကူး သတင်းစကားအဖြစ် ဇန်နဝါရီ ၁ ရက်က ပူးတွဲထုတ်ပြန် ကြေညာလိုက်တာပါ။
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေထဲက ပြည်သူ့ထောက်ခံမှု ရရှိထားပြီး တော်လှန်ရေးဆန်တဲ့ အဖွဲ့အစည်းတချို့နဲ့ လက်တွဲကာ မြန်မာပြည်သူတရပ်လုံး မျှော်မှန်းထားတဲ့ ဘုံရည်မှန်းချက်များ ပြည့်ဝစေဖို့၊ လက်ရှိအခြေအနေကို အကောင်းဆုံး ကျော်လွှားနိုင်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နိုင်ရေးအတွက် လုပ်သင့်လုပ်ထိုက်တာတွေကို မိမိတို့မဟာမိတ်အဖွဲ့မှ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားတာပါ။
ဆက်လက်ပြီး စည်းလုံးညီညွတ်စွာ ဟန်ချက်ညီညီ လုပ်ဆောင်မှသာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်တိုက်နိုင်မှာဖြစ်ကြောင်း၊ အရင်ထက် အင်တိုက်အားတိုက် ကြိုးပမ်း လုပ်ဆောင်သွားကြဖို့လည်း မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က တိုက်တွန်းထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက ရက္ခိုင့်တပ်တော် (AA)ကတော့ လတ်တလော စစ်ကောင်စီတပ်နဲ့ ယာယီအပစ်အခတ် ရပ်စဲထားပါတယ်။
ဓာတ်ပုံ - မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့