ဇန်နဝါရီ
-စစ်အာဏာရှင်နဲ့ အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးအတွက် တခြားဘဝတူ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကရင်နီပြည်ကာကွယ်ရေးအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
-မြန်မာနိုင်ငံသား ပြည်သူအပေါင်းတို့ လူမျိုးကြီးဝါဒ၊ အာဏာရှင်ဝါဒနဲ့ စနစ်တွေကို အမှန်တကယ် အမြစ်ပြတ်ချေမှုန်းနိုင်ရင် မျှော်လင့်ကြိုးစားနေတဲ့ နိုင်ငံရေး မျှော်မှန်းချက်ကို ရောက်ရှိတော့မှာဖြစ်တဲ့အတွက် ကျရာအခန်းကဏ္ဍကနေ အားလုံး အားသွန်ခွန်စိုက် ကြိုးစားပါဝင်ကြဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက နှစ်သစ်မိန့်ခွန်းမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
-စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြို့သစ်ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ အန်အယ်လ်ဒီပါတီ တိုင်းရုံးကို ဇန်နဝါရီ ၁ ရက် မနက်အစောပိုင်း ၁ နာရီလောက်က ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရပါတယ်။
-ကူးစက်မြန် အိုမီခရွန် ကိုဗစ်မျိုးစိတ်သစ်ကူးစက်ခံရသူ မြန်မာနိုင်ငံမှာတွေ့ရှိပြီးနောက် ဇန်နဝါရီ ၁ ရက်ကစလို့ အခမ်းအနားတွေမှာ လူ ၂၀၀ စုနိုင်ပြီလို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
-ဥပဒေနဲ့ ပညာရေးအပါအဝင် တက္ကသိုလ်နဲ့ ကောလိပ်အသီးသီးက ဘွဲ့သင်တန်း တချို့ကို ဇန်နဝါရီ ၆ ရက်မှာ ပြန်ဖွင့်တော့မယ်လို့ စစ်ကောင်စီလက်အောက်ခံ အဆင့်မြင့်ပညာ ဦးစီးဌာနက ကြေညာပါတယ်။
-တယ်လီဖုန်း ဆင်းမ်ကတ်တခု စတင်သုံးနိုင်ဖို့အတွက် ကျပ် ၂၀၀၀၀ ပေးဖို့ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၆ ရက်မှာ ကြေညာပါတယ်။
-စစ်ကိုင်းမြို့ အခြေစိုက် ဇေယျာတိုင်းမ်သတင်းဌာနရဲ့ ဒုတိယအယ်ဒီတာချုပ်ဖြစ်ခဲ့တဲ့ ကိုပြည့်ဖြိုးအောင်ကို စစ်ကိုင်းမြို့နယ် တရားရုံးကနေ ဇန်နဝါရီ ၆ ရက်က ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။
-ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဝေဖန်ဆန္ဒပြမှုတွေ ရှိနေတဲ့ကြားက မြန်မာ အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဇန်နဝါရီ ၇ ရက် မနက်မှာ နေပြည်တော်ကို အထူးလေယာဉ်နဲ့ ရောက်ရှိလာပါတယ်။
-မကွေးတိုင်း၊ မင်းဘူးအခြေစိုက် မကွေးပို့(စ်) သတင်းထောက် တင်ရွှေ(မင်းဘူး)ကို ဇန်နဝါရီ ၂၁ ရက်မှာ စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။
-နိုင်ငံတော်အာဏာကို စစ်တပ်က တရားမဝင် အာဏာသိမ်းယူခဲ့တဲ့ ၁ နှစ်ပြည့်ဖို့ တရက်အလို ဇန်နဝါရီ ၃၁ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးခေါ်ယူပြီး စစ်တပ်အာဏာသိမ်း သက်တမ်းကို နောက်ထပ် ၆ လ ထပ်တိုးလိုက်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ် ပါတယ်။
ဖေဖော်ဝါရီ
-နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်တဲ့ ဥပဒေကို ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ပြဋ္ဌာန်းလိုက်ပြီး အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ရာထူးသက်တမ်းကို အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ သက်တမ်းနဲ့အတူတူဖြစ်တယ်လို့ ပြင်ဆင်ပါတယ်။
-အနာဂတ်မှာ တိုင်းရင်းသားအားလုံးတန်းတူညီမျှမှုရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်နိုင်ဖို့ကတိပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီလက ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြောကြားလိုက်ပါတယ်။
-ကိုးကန့်တပ်ဖွဲ့လို့ လူသိများတဲ့ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) အဖွဲ့ရဲ ခေါင်းဆောင် ဖုန်ကြားရှင်ဟာ ဖေဖော်ဝါရီလ ၁၆ ရက် မနက်မှာ ကွယ်လွန်သွားပါတယ်။
-ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ အကြမ်းဖက်ဥပဒေပုဒ်မနဲ့ အဖမ်းခံထားရတဲ့ အမျိုးသမီး တယောက်ရဲ့ အသက် ၂ နှစ်ကျော်အရွယ်သမီးလေးဟာ ဖေဖော်ဝါရီ ၁၈ ရက်က သံတွဲအကျဉ်းထောင်ထဲမှာ သေဆုံးသွားပါတယ်။
-ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်က စစ်အာဏာသိမ်းမှုကို ပထမဆုံးဆန့်ကျင်ခဲ့တဲ့ ရဲညီအစ်ကို ၂ ယောက်ကို စစ်ကောင်စီတရားရုံးက ဖေဖော်ဝါရီ ၂၁ ရက်မှာ ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်လိုက်လို့ စုစုပေါင်း ၄ နှစ်ဖြစ်သွားပါတယ်။
မတ်လ
-ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ ထင်ရှားတဲ့ အနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်းနဲ့ ပိုင်တံခွန်တို့ကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက မတ်လ ၂ ရက်နေ့မှာ ကြေညာပါတယ်။
-ကိုမင်းကိုနိုင်၊ အိပန်ဆယ်လိုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေ အပါအဝင် ၁၁ ယောက်ကို နိုင်ငံသားအဖြစ်ကနေ ရပ်စဲကြောင်း စစ်ကောင်စီ ပြန်ကြားရေးက မတ်လ ၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
-အဆိုတော် ဆောင်းဦးလှိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ အစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေး ၊ NUG စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ အလုပ်သမားအရေးလှုပ်ရှားသူ ဦးမောင်မောင်(ခ) ပြည်သစ်ညွန့်ဝေတို့ကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း စစ်ကောင်စီပြန်ကြားရေးက မတ်လ ၇ ရက်ညမှာ ထုတ်ပြန်ကြေညာပါတယ်။
-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးချယ်ချီးမြှင့်တဲ့ ၂၀၂၂ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးရဲစွမ်း သတ္တိရှင်ဆု International Women of Courage Award(IWOC) ကို မြန်မာနိုင်ငံက အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ဒုဝန်ကြီး မအိသဉ္စာမောင်က ရရှိခဲ့ပါတယ်။
-အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်တဲ့ ဦးမြအေးကို စစ်ကောင်စီထောင်တွင်းတရားရုံးက မတ်လ ၁၀ ရက်နေ့မှာ ပုဒ် ၅၀၅(ဂ)နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်ပါတယ်။
-သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကို စစ်ကောင်စီက အဂတိမှု ၄ မှုနဲ့ တရားစွဲပြီး စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံစေဖို့ ရန်ကုန်တိုင်းတရားလွှတ်တော်မှာ မတ် ၁၄ ရက်က အမိန့်ချမှတ်လိုက်ပြီး Ford Everest Titanium မော်တော်ယာဉ် တစီး၊ ငွေကျပ် သိန်း ၁၀၀ နဲ့ ရွှေပန်းကန်ပြားတို့ကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းစေဖို့ အမိန့်ချပါတယ်။
-စစ်ခုံရုံးက မတ် ၁၇ ရက်နေ့မှာ ဒဂုံတက္ကသိုလ်၊ ဓာတုဗေဒဌာနက ကျောင်းသူ မဆောင်းလေပြေ (ခ) ဇူဇူးကို သေဒဏ်ချမှတ်လိုက်ပြီး မြန်မာမှုဌာနက ကိုနိုင်အောင်(ခ)Snake ကို ထောင်ဒဏ်တသက် ချမှတ်လိုက်ပါတယ်။ လှိုင်သာယာက လူငယ် ၃ ယောက်နဲ့ မြောက်ဥက္ကလာပက ၄ ယောက်တို့ကိုလည်း သေဒဏ်ချမှတ်ခဲ့ပါတယ်။
-Mizzima သတင်းဌာနရဲ့ နေပြည်တော်အခြေစိုက် သတင်းအယ်ဒီတာ ကိုသန်းထိုက်အောင်ကို မတ်လ ၂၂ ရက်မှာ ဇမ္ဗူသီရိမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။
-မြန်မာနိုင်ငံရဲ့ ထိပ်တန်းခရိုနီတဦးဖြစ်တဲ့ ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဖြစ်သူ ဦးဇေသီဟတို့ကို စစ်ကောင်စီက မတ် ၂၂ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ဇေကမ္ဘာ ကုမ္ပဏီအနေနဲ့ စစ်တပ်မြေကို ငှားရမ်းအသုံးပြုပြီး စာချုပ်ပါအတိုင်း ငှားရမ်းခ ပေးဆောင်ဖို့ ကျန်တာကြောင့် ဖမ်းဆီးခဲ့တာလို့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
-တပ်မတော်အနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တဲ့အပေါ် စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက မတ်လ ၂၄ ရက် နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆို လိုက်ပါတယ်။
-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် အနီးကပ်လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုရဲအုပ် ချယ်ရီထက်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ မတ်လ ၃၁ ရက်မှာ ထောင်ဒဏ် ၂ နှစ်ထပ်ချလို့ စုစုပေါင်း ၅ နှစ်ဖြစ်သွားပါတယ်။
-နိုင်ငံ့ဝန်ထမ်းတွေ အငြိမ်းစားယူရမယ့် အသက်ကို ၆၂ နှစ်လို့ ပြင်ဆင် သတ်မှတ်လိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
-မတ်လ တလတည်းမှာပဲ ထောင်ဒဏ်ချမှတ်ခံရတဲ့ သတင်းထောက်အနည်းဆုံး ၈ ယောက် အထိ ရှိပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးနဲ့ ကိုဇော်ဝင်းမောင်တို့ကို ထောင်ဒဏ် တနှစ်ခွဲ၊ သံတော်ဆင့်ဂျာနယ် သတင်းထောက် ကိုရဲရင့်ထွန်း၊ ကမာရွတ်မီဒီယာတွဲ ဖက်တည်ထောင်သူ ဦးဟံသာညိန်း၊ Mizzima သတင်းဌာန အယ်ဒီတာ ကိုသန်းထိုက်အောင်နဲ့ Mandalay Free Press သတင်းဌာန ဗီဒီယိုအယ်ဒီတာ ကိုအောင်ဇော်ဇော် တို့ကို ထောင်ဒဏ် ၂ နှစ်စီနဲ့ အလွတ်တန်းသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသားကို ၃ နှစ်ချမှတ်ခဲ့ပါတယ်။
Bago Weekly ဂျာနယ်သတင်းထောက် ကိုငြိမ်းချမ်းဝေကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရာကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၂၄ (ဂ)နဲ့ နောက်ထပ် ထောင်ဒဏ် ၈ နှစ် ၃ လ ထပ်တိုး အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
-အာဏာသိမ်းစစ်ကောင်စီဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် ၂၀၂၂-၂၃ ဘဏ္ဍာနှစ် အသုံးစရိတ်ကို ကျပ်ငွေ ဘီလီယံ ၃၇၀၀ ကျော်ကို မတ်လ ၂၉ ရက်စွဲနဲ့ အတည်ပြု ပေးလိုက်ပါတယ်။
ဧပြီ
-အဆိုတော် ကျားပေါက်၊ သရုပ်ဆောင် ဒေါင်းနဲ့ ဦးကျော်မိုးထွန်း အပါအဝင် ၁၇ ယောက် ကို မြန်မာနိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) ကနေ ဧပြီ ၁ ရက်နေ့ ည ၈ နာရီသတင်းမှာ ထည့်သွင်းကြေညာသွားပါတယ်။
-ဧပြီ ၁ ရက်က အဆိုတော်ကျားပေါက်၊ သရုပ်ဆောင် မင်းသား ဒေါင်း၊ စာရေးဆရာ သရဝဏ်-ပြည်နဲ့ ဦးကျော်မိုးထွန်းအပါအဝင် ၁၇ ယောက်ကို မြန်မာနိုင်ငံသား အဖြစ်ကနေ ရပ်စဲခဲ့သလို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ အိပန်ဆယ်လိုနဲ့ (NUG) ဝန်ကြီးတွေ အပါအဝင် ၁၁ ဦးကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ပြီးခဲ့တဲ့ မတ်လ ၄ ရက်ကကြေညာခဲ့တဲ့အတွက် စုစုပေါင်း ၂၈ ဦးရှိသွားပြီ ဖြစ်ပါတယ်။
-ဧပြီ ၅ ရက်မှာ မန္တလေးအခြေစိုက် Channel Mandalay သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦးကို အိုးဘိုထောင်တွင်းတရားရုံးက ထောင်ဒဏ် ၅ နှစ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ နေထိုင်တဲ့ ရွှေတြိဂံသတင်းဌာနက သတင်းထောက် ဦးခိုင်မြင့်ထွန်း (ခ)ရွှေလင်းသစ်ကို ထောင်ဒဏ် ၁၀ နှစ်၊ ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေသတင်းဌာနရဲ့ ရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင်ကို ထောင်ဒဏ် ၂ နှစ် ချမှတ်ပါတယ်။
-မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အဂတိလိုက်စားမှုအပါအဝင် တခြားစွဲချက်တွေနဲ့ စွပ်စွဲပြီး ဧပြီ ၈ ရက်မှာ မကွေးထောင်အထူးတရားရုံးကနေ ထောင်ဒဏ် ၂၁ နှစ် အမိန့်ချလိုက်တာကြောင့် စုစုပေါင်း ၂၃ နှစ်ဖြစ်သွားပါတယ်။
-ဘဲဥဇာတ်ကောင်နဲ့ ကာတွန်းတွေဖန်တီးရေးဆွဲခဲ့တဲ့ အသက် ၆၉ နှစ်အရွယ် ကာတွန်းပညာရှင် သန့်စင်ဟာ ဧပြီ ၁၂ ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။
-မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့်ပိတ်ပင်ထားခဲ့တဲ့ လူစုလူဝေး ကန့်သတ်ချက်ကို လာမယ့် မြန်မာနှစ်ဆန်း ၁ ရက်ကစလို့ ပယ်ဖျက်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက ဧပြီ ၁၄ ရက်မှာ ကြေညာပါတယ်။
-မြန်မာနိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူဦးရေ ၉ သိန်း ကျော်လာပြီ လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဧပြီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
-ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် ဧပြီ ၂၅ ရက်အထိ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၂၈၀ ထိ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။
-ဝါရင့်နိုင်ငံရေးသမားကြီး ရှမ်းတိုင်းရင်းသားခေါင်းဆောင် အသက် ၇၉ နှစ်အရွယ် ဦးခွန်ထွန်းဦးဟာ ဧပြီ ၃၀ ရက် နေ့လယ်က ရန်ကုန်မြို့က သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
မေ
-ဧရာဝတီတိုင်း၊ ပုသိမ်မြို့က အလွတ်တန်းဓာတ်ပုံသတင်းထောက် ဦးဆန်းမြင့်ကို မေလ ၂ ရက်နေ့မှာ ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။
-မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်း စစ်ကောင်စီက အဂတိမှုတွေနဲ့ စွပ်စွဲပြီး မေ ၁၆ ရက်က ထောင်ဒဏ် ၂၁ နှစ် ထပ်ချလိုက်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်ထိ အမိန့်ချမှတ်ခံထားရပါတယ်။
-သက်တံ့ရောင်နွေဦးသူရဲကောင်း LGBTQ တွေရဲ့ တိုင်းပြည်အတွက် အနစ်နာခံမှု၊ မတရားမှုကို တွန်းလှန်တိုက်ထုတ်ဝံ့တဲ့ ရဲရင့်မှုတွေကို မှတ်တင်းတင်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က မေ ၁၇ ရက်မှာ ကြေညာပါတယ်။
-ဝါရင့်နိုင်ငံရေးသမားကြီး ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ ဥက္ကဋ္ဌ ဦးသုဝေဟာ မေလ ၁၈ ရက် ည ၇ နာရီလောက်က ကွယ်လွန်သွားပါတယ်၊
-ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့အခြေစိုက် ပြည်သူပြည်သားသတင်းသမား(CJ) တယောက်ဖြစ်တဲ့ ကိုသန်းစိုးအောင်ကို စစ်ကောင်စီတရားရုံးက ဒီကနေ့ မေလ ၁၈ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။
-သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်နဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးဇော်ဌေး အသက် ၅၀ နှစ်ဟာ မေ ၂၃ ရက် မနက်က နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
-မြန်မာ့ပြည်တွင်းပဋိပက္ခနဲ့ ပတ်သက်လို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ မေ ၂၅ ရက်က အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ကြားကာလ ကချင်နိုင်ငံရေး ညှိနှိုင်းဆောင်ရွက်မှုအဖွဲ့ (KPICT) က သတင်းထုတ်ပါတယ်။
-အင်းစိန်ထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ရဲတိုက်ကို ထောင်တွင်းအထူးတရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ထပ်ချလိုက်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်ဖြစ်သွားပါတယ်။
-ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအကြောင်းရေးသားထားတဲ့ စာအုပ်ကို အွန်လိုင်းကနေ ဖြန့်ချိ ရောင်းချတယ်ဆိုပြီး လွင်ဦးစာပေတိုက်ကို မေ ၂၈ ရက်မှာ စစ်ကောင်စီက ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းလိုက်ပါတယ်။
-‘ဝ’ဒေသအနေနဲ့ နိုင်ငံတော်ကနေ လုံးဝခွဲထွက်မှာမဟုတ်တဲ့ အကြောင်းနဲ့ ‘ဝ’ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တည်ထောင်ခွင့်ပေးဖို့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP မေ ၃၀ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာတွေ့ဆုံစဉ် တောင်းဆိုပါတယ်။
ဇွန်
-မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာ စစ်အုပ်စုအဖွဲ့ဝင်တွေကို စစ်ရာဇဝတ်မှုနဲ့စွဲချက်တင်နိုင်ဖို့ တူရကီ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံတာဝန်ခံမှုစီမံချက် (MAP) အဖွဲ့က ဇွန် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
-လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ကိုဂျင်မီ(ခ)ကိုကျော်မင်းယုတို့အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးတို့ကို စစ်ကောင်စီက သေဒဏ်ပေးမယ့်အစီအစဉ် ရပ်တန့်အောင် ဝိုင်းဝန်းတားဆီး တောင်းဆိုကြဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်များအဖွဲ့ (APHR) က ဇွန် ၆ ရက်မှာ ပန်ကြားလိုက်ပါတယ်။
-စစ်ကောင်စီကျူးလွန်ခဲ့တဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို အရေးယူ အပြစ်ပေးနိုင်ဖို့ ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇွန်လ ၇ ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
-ကျပ်သိန်းထောင်ချီလာဘ်စားခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာငွေကျပ် သန်းပေါင်း ၃၈,၀၀၀ ကျော် ဆုံးရှုံးခဲ့မှုအတွက် စစ်ကောင်စီခန့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦး၊ တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ကို ဇွန် ၁၄ ရက်မှာ စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့်လိုက်ပါတယ်။
-အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ အဆက်မပြတ် အကြမ်းဖက်မှု ခံစားနေရပြီး အိုးအိုမ်တွေ ပျက်စီးဆုံးရှုံးထွက်ပြေးနေကြရတဲ့ မြန်မာနိုင်ငံသားတွေကို ဂရုမစိုက်ဘဲ မနေကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇွန်လ ၁၉ ရက်မှာ ပန်ကြားလိုက်ပါတယ်။
-ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာ ဇွန် ၁၇ ရက်နေ့က ရေနံသာစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁၀၄ ဦးထဲက ၅၃ ဦးကို ပုဒ်မ ၆(၃)နဲ့ တရားစွဲပြီး ရေကြည်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။
-ရိုဟင်ဂျာအရေးအပါအဝင် လက်ရှိကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံရေး အကျပ်အတည်းတွေကို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ မဟာဗျူဟာမြောက်အစီအစဉ်တရပ်ကို ရေးဆွဲထားပြီး ဒေါ်လာ သန်း ၂၈၀ ကျော်သုံးစွဲမယ်လို့ ကနေဒါ အစိုးရက ဇွန် ၂၀ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
-အာဏာသိမ်းစစ်ကောင်စီရဲ့ ပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဇွန် ၂၂ ရက်မှာ နေပြည်တော် အချုပ်ထောင်ဝင်းထဲက သီးသန့်အဆောက်အဦတခုကို ပြောင်းရွှေ့လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
-တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ခရိုင် ၄၆ ခု အသစ်တိုးချဲ့လိုက်တယ်လို့ စစ်ကောင်စီထုတ် သတင်းစာတွေကဇွန် ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဇူလိုင်
-ဇူလိုင် ၃ ရက်က ပုဂံမြို့မှာ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်းနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယိတွေ့ဆုံခဲ့ရာမှာ တိုင်းပြည်အာဏာကို ပြည်သူတွေဆိ ပြန်လည်အပ်နှင်းရေး မျှော်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ပြောဆိုခဲ့တယ်လို့ တရုတ်သံရုံးက သတင်းထုတ်ပါတယ်။
-ဒီဗွီဘီသတင်းထောက် ကိုအောင်စံလင်းကို ဝက်လက်မြို့နယ် တရားရုံးကနေ ဇူလိုင် ၇ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။
-အာဏာသိမ်းစစ်ကောင်စီက ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲအသစ်ကို လုံးဝ အသိအမှတ်မပြု လက်မခံတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် ကော်မတီက ဇူလိုင် ၉ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
-ထင်းရှူးပင်ရိပ်၊ တောမှော်ရုံလမ်း စတဲ့ နာမည်ကျော်စာအုပ်တွေနဲ့ မြန်မာ စာပေလောကမှာထင်ရှားတဲ့ စာရေးဆရာကြီး မောင်သာနိုးဟာဟာ အသက် ၈၈ နှစ်အရွယ် ဇူလိုင် ၁၂ ရက် ညနေ ၆ နာရီခွဲက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
-မန္တလေးတိုင်း၊ မလှိုင်မြို့မရဲစခန်းမှာ နိုင်ငံရေးအမှုနဲ့ အချုပ်ကျခံနေရတဲ့ အမျိုးသမီး တယောက်ကို တာဝန်ကျရဲတပ်သားတယောက်က ဇူလိုင် ၁၀ ရက်မှာ ခေါ်ယူ ထွက်ပြေးသွားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
-မြန်မာစစ်ကောင်စီလက်အောက်ခံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနဲ့ ရုရှားနိုင်ငံပိုင် နျူကလီးယားကော်ပိုရေးရှင်း (Rosatom)တို့အကြား နားလည်မှုစာချွန်လွှာတရပ်ကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက ဇူလိုင် ၁၃ ရက်မှာ သတင်းထုတ်ပါတယ်။
-မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးယာယီတာဝန်ခံ ဖိဗိုးလ်စ်ဟာ စစ်ကောင်စီဖိအားပေးလို့ သူ့ရဲ့ လုပ်ငန်းတာဝန်တွေကိုရပ်ဆိုင်းပြီး မြန်မာနိုင်ငံကနေ ဇူလိုင် ၁၃ ရက်မှာ ရုတ်တရက်ထွက်ခွာခဲ့ရပါတယ်။
-သေဒဏ်ချမှတ်ခံထားရတဲ့ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၄ ယောက်ကို အကျဉ်းထောင် လုပ်ထုံး လုပ်နည်းတွေ အတိုင်း ပြစ်ဒဏ်စီရင်ခဲ့ပြီး ဖြစ်တယ်လို့ ဇူလိုင် ၂၅ ရက် သတင်းစာတွေမှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
-ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို ဥပဒေကြောင်းအရ ခုခံပိုင်ခွင့် မပေးဘဲ စစ်ကောင်စီက တဖက်သတ်သေဒဏ်စီရင်လိုက်တာဟာ လူသတ်မှုမြောက်ပြီး စစ်ကောင်စီအနေနဲ့ ဒီအကျိုးဆက်ကို ပြန်ခံစားရမယ်လို့ NUG နဲ့ CRPH တာဝန်ရှိသူတွေက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
-ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) မှာ တရားစွဲထားတာနဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီက တင်သွင်းခဲ့တဲ့ ကနဦး ကန့်ကွက်လွှာ (Preliminary Objections) အားလုံးကို တညီတညွတ်တည်း ပယ်ချကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တရားရုံးက ဇူလိုင် ၂၂ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။
-ပျုစောထီးတွေကို စစ်တပ်က ဖွဲ့စည်းပေးတယ်၊ စစ်မှုထမ်းဟောင်းတွေ၊ မဘသတွေ၊ မျိုးချစ်တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ မဟုတ်မှန်ကြောင်း ဇူလိုင် ၂၆ ရက်နေ့ကလုပ်တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ဩဂုတ်
-အာဏာသိမ်း စစ်ကောင်စီက ကာလုံအစည်းအဝေးခေါ်ယူပြီး နိုင်ငံတဝန်းလုံးအရေးပေါ် အခြေအနေ ကြေညာထားတဲ့ကာလကို ဒီကနေ့ ဩဂုတ် ၁ ရက်ကနေ နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးက ကြေညာပါတယ်။
-ပဲခူးတိုင်း၊ ပြည်မြို့၊ မှော်ဇာ အ.ထ.ကကျောင်းမှာ အစောင့်ချထားတဲ့ စစ်ကောင်စီ တပ်သားတယောက်ကို ကျောင်းလာတက်တဲ့ ၇ တန်းကျောင်းသားက ဩဂုတ် ၃ ရက်နေ့မှာ ဓားနဲ့ထိုးလိုက်တာကြောင့် ကလေးကို သေနတ်နဲ့ပြန်လည်ပစ်ခတ် ဖမ်းဆီးခဲ့ပြီး ဩဂုတ် ၇ ရက်က စစ်ကြောရေးမှာ သတ်ဖြတ်လိုက်ပါတယ်။
-အဆိုတော် ဇော်ဝင်းထွဋ်ရဲ့သား အဆိုတော်အီတိုးကို သြဂုတ်လ ၄ ရက်နေ့က အင်းစိန်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။
-ဧရာဝတီတိုင်း၊ ပုသိမ်မြို့ခံ မြစ်မခသတင်းဌာနရဲ့ အကြီးတန်းသတင်းထောက် ကိုမျိုးမင်းထွန်းကို ဩဂုတ် ၁၀ ရက်နေ့မှာ စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။
-ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးသတင်းထောက် မထက်ထက်ခိုင်ကို အကြမ်းဖက်စစ်ကောင်စီက ဩဂုတ် ၁၅ ရက်မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။
-ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ ဩဂုတ်လ ၁၇ ရက်က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ရောက်လာပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့စဉ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အခုထက်ပိုမိုအရေးယူနိုင်ပေမဲ့ သက်ညှာသောအားဖြင့် မပြုလုပ်ခဲ့တာလို့ စစ်ခေါင်းဆောင်က ပြောကြား။
-ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ လူကူးခုံးကျော်တံတားပေါ်ကနေ အသက် ၅၈ နှစ်အရွယ် အမျိုးသားတယောက် သြဂုတ် ၂၅ ရက် မနက်ပိုင်းက ခုန်ချခဲ့ပါတယ်။
-အသက် ၂၄ အရွယ် အမျိုးသမီးတယောက်ဟာ သုံးနှစ်သမီးလေးနဲ့အတူ ဩဂုတ် ၂၈ ရက်ညနေ ၃ နာရီကျော်လောက်မှာ ပြည်-နဝေးဒေးတံတားပေါ်ကနေ ခုန်ချသွားပါတယ်။
-မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ရိုဟင်ဂျာပြည်သူ ၁ သန်းကျော် ရွှေ့ပြောင်း ဒုက္ခသည်ဖြစ်ခဲ့ရပြီး အခုအချိန်ထိ အိုးမဲ့အိမ်မဲ့ ဖြစ်နေရဆဲဖြစ်တဲ့အတွက် အထူး စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ဩဂုတ် ၂၉ ရက်မှာ NUG အစိုးရ ယာယီ သမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
-ရန်ကုန်မြို့က အင်းလျားကန်ထဲကို ဩဂုတ် ၂၉ ရက် က လူ ၁ ယောက် ခုန်ချသွားပါတယ်။
-မြန်မာနိုင်ငံမှာ လက်ရှိ ၂၀၂၂−၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ သြဂုတ်လကုန်အထိ ၅ လ အတွင်းမှာ ပြည်ပနိုင်ငံတွေရဲ့ရင်းနှီးမြှပ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၃၀ ဘီလီယံရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါတယ်။
စက်တင်ဘာ
-မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ပန်းချီထိန်လင်းတို့ကို စက်တင်ဘာ ၂ ရက် မနက်ပိုင်းက အင်းစိန်အကျဉ်းထောင်ရှိ အထူးတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့ပါတယ်။
-ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ရုရှားနိုင်ငံ ဗလာဒီဗိုစတော့ဆိပ်ကမ်းမြို့မှာ စက်တင်ဘာ ၇ ရက်က ကျင်းပတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) ဆွေးနွေးပွဲမှာ တွေ့ဆုံခဲ့ကြပါတယ်။
-အော်ရီဒူးမြန်မာကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၅၆၇ သန်း တန်ဖိုးရှိတဲ့ မြန်မာနိုင်ငံက ဆက်သွယ်ရေးလုပ်ငန်းတွေကို ရောင်းချလိုက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၈ ရက်မှာ ကြေညာပါတယ်။
-ယင်းမာပင်ခရိုင်ထဲမှာ မနှစ်က PDF အချင်းချင်း သတ်ဖြတ်ခဲ့တဲ့ပြစ်မှုမှာ ကျူးလွန်ခဲ့သူတွေကို လက်နက်ဖြုတ်သိမ်းဖို့ဆောင်ရွက်နေပြီး ရုံးတင်စစ်ဆေးနိုင်ဖို့ အမြန်ဆုံးစီစဉ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
-မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ စွဲချက်တင်နိုင်ဖို့ အထောက်အကူဖြစ်စေမယ့် အချက်အလက် အထောက်အထားပေါင်း သန်းနဲ့ချီပြီး ဖေ့စ်ဘွတ်ခ်က ပေးအပ်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်း စစ်ဆေးသူများအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
-ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ကမာကြည်တံတားကနေ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက အသက် ၄၈ နှစ်အရွယ် အမျိုးသားတယောက် တံတားပေါ်က ခုန်ချခဲ့ပါတယ်။
-ဒဂုံတက္ကသိုလ် စိတ်ပညာအထူးပြုကျောင်းသား ကိုထူးဝေလင်းကို အကြမ်းဖက် စစ်ကောင်စီက စက်တင်ဘာ ၁၆ ရက်မှာ ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ပါတယ်။
-၂၀၂၂ ခုနှစ် ဇူလိူင်လ ၁၆ ရက်ကနေ စက်တင်ဘာ ၁၅ ရက်နေ့အထိ မြို့နယ် ၂၅ မြို့နယ်မှာ ရေထဲခုန်ချတာ၊ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ခတ်တာတွေနဲ့ ကြိုးဆွဲချသေဆုံးသူ ၂၈ ယောက်ရှိတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
-ရခိုင်ပြည်နယ်က မြို့နယ် ၆ မြို့နယ်အတွင်း အကူအညီပေးရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကို စက်တင်ဘာ ၁၅ ရက်မှာ အကြမ်းဖက် စစ်ကောင်စီဘက်က ညွှန်ကြားထားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။
-စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စက်တင်ဘာ ၁၆ ရက်မှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာကြောင့် အနည်းဆုံး ကလေး ၄ ယောက်သေဆုံးခဲ့ပြီး ဒဏ်ရာရ ကလေးငယ် ၂၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။
-မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ်အယောက် ၄၀၀ နီးပါး စံချိန်တင်စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက စက်တင်ဘာ ၂၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
-မော်ဒယ်သရုပ်ဆောင် နန်းမွေစံကို အင်းစိန်အကျဉ်းထောင်ရှိ စစ်ခုံရုံးကနေ စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းက အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃ (က) နဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။
-ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့လေဆိပ်မှာ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက ရန်ကုန်-လွိုင်ကော်ပြေးဆွဲတဲ့ ခရီးသည်တင်လေယာဉ် ပစ်ခတ်ခံရလို့ လေယာဉ်ပေါ်ပါလာတဲ့ အမျိုးသား တယောက် ထိခိုက်ဒဏ်ရာ ရသွားပါတယ်။
-ရန်ကုန်တိုင်းမြို့နယ်အချို့မှာ စက်တင်တာဘာလအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၄၅ ကြိမ်ဖြစ်ခဲ့ပြီး ဗိုလ်မှူးချုပ် (ငြိမ်း) အပါအဝင် ၁၆ ယောက် သေဆုံး၊ ၂၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။
-စက်တင်ဘာလအတွင်း ကရင်နီ (ကယား) ပြည်နယ်မှာ တိုက်ပွဲ ၅၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အယောက် ၁၀၀ ကျော်သေဆုံး၊ ၆၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်ပါတယ်။
-ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီကို အီးယူ အောက်တိုဘာ ၁ ရက်မှာ တောင်းဆိုပါတယ်။
အောက်တိုဘာ
-အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စီမံဆောင်ရွက်နေတဲ့ နွေဦးမန္တလေး ပြည်တော်ဝင်စီမံကိန်း Spring Mandalay Investment ကို အောက်တိုဘာ ၁ ရက်က စ တင်ရောင်းချနေရာမှာ နာရီပိုင်းအတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၈ သန်းကျော်ဖိုး ရောင်းချထားရတယ်လို့ ထုတ်ပြန်ပါတယ်။
-နေပြည်တော်က ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှာ အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ပါတီညီလာခံမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ အရင် ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်းသန်းဌေးကို တာဝန်ကနေ ရပ်ဆိုင်းပြီး ဗိုလ်မှူးချုပ်ဟောင်းခင်ရီကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ပါတယ်။
-ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အချင်းချင်းကြား ပဋိပက္ခဖြေလျော့နိုင်ရေးနဲ့ နေရပ်စွန့်ခွာနေတဲ့ ပြည်သူတွေရဲ့အခက်အခဲ ဖြေရှင်း နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က အောက်တိုဘာ ၁၀ ရက်မှာ ကမ်းလှမ်းလိုက်ပါတယ်။
-ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင် အဝင်အထွက်ဂိတ်ပေါက် အတွင်းနဲ့အပြင်မှာ အောက်တိုဘာ ၁၉ ရက် မနက် ၁၀ နာရီဝန်းကျင်က ဗုံးနှစ်ကြိမ်ပေါက်ကွဲပြီး ပစ်ခတ်မှုဖြစ်လို့ ၈ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တချို့လည်း ပါဝင်ပါတယ်။
-မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာတိုက်ခန်းမှာ အောက်တိုဘာ ၂၆ ရက်က အမျိုးသမီးတယောက် တိုက်ပေါ်က ခုန်ချသေဆုံးခဲ့ပါတယ်။
-ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ အမှတ် ၂ ကမာကြည်တံတားပေါ်ကနေ အောက်တိုဘာ ၂၄ ရက်မှာ အမျိုးသမီးတယောက် ခုန်ချခဲ့ပါတယ်။
-အောက်တိုဘာ ၂၃ ရက်ည ၈ နာရီခွဲဝန်းကျင်က ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါကျေးရွာမှာ တေးဂီတဖျော်ဖြေပွဲပြုလုပ်ချိန် စစ်ကောင်စီလေတပ်က တိုက်လေယာဉ် ၃ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကေအိုင်အေ တပ်မဟာ-၉ ဗျူဟာမှူး အပါအဝင် ဗိုလ်မှူးအဆင့်အရာရှိတွေ၊ တပ်ရင်း-၆ က တပ်ရင်းမှူးနဲ့ ပြည်သူအများအပြား သေဆုံးသွားခဲ့ပါတယ်။
-အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက သာကေတမြို့နယ် အနော်မာရေကန်ထဲကို အသက် ၄၀ အရွယ် အမျိုးသားတယောက် ခုန်ချခဲ့ပါတယ်။
-မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က အန်အယ်လ်ဒီအမတ် ဦးဝင်းမြင့်လှိုင်ကို အောက်တိုဘာ ၃၁ ရက်မှာ မကွေးခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၈ ခုနဲ့ တရက်တည်းမှာပဲ ထောင်ဒဏ် ၁၄၈ နှစ်ချမှတ်လိုက်လို့ အရင်ချထားတဲ့ ၂၅ နှစ်နဲ့ ပေါင်းရင် စုစုပေါင်း ထောင်ဒဏ် ၁၇၃ နှစ်အထိ ဖြစ်သွားပါတယ်။
-သြစတြေးလျနိုင်ငံသားရှောင်တာနယ်အမှုတွဲပါ စီမံဘဏ္ဍာ၀န်ကြီး ဦးစိုး၀င်း အောက်တိုဘာ ၂၈ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
-ဧရာဝတီတိုင်း၊ အမာမြို့မှာ အောက်တိုဘာ ၃၀ ရက်က ရခိုင်ပြည်နယ်က ထွက်ခွာလာတဲ့ စက်လှေမှောက်ပြီး ရိုဟင်ဂျာ အယောက် ၆၀ ကျော် ဖမ်းဆီးခံရသလို အယောက် ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက သိရပါတယ်။
နိုဝင်ဘာ
-မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ အိုးအိမ်မဲ့ဖြစ်ခဲ့ရသူ ကလေးငယ်အရေအတွက်ဟာ ၅ သိန်းကျော်သွားခဲ့ပြီဖြစ်သလို အဲဒီအရေအတွက်ဟာ အလျင်အမြန်တိုးလာနေတယ်လို့ Save the Children အဖွဲ့က နိုဝင်ဘာ ၁ ရက်မှာ ကြေညာပါတယ်။
-အမျိုးသားအောင်ပွဲနေ့အထိမ်းမှတ် အကျဉ်းသား ၅၇၀၀ ကျော်ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပြီးနောက် နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ စာရေးဆရာ မောင်သာချိုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ လွတ်မြောက်ခဲ့ပါတယ်။
-အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို အမေရိကန် ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီမြို့မှာဖွင့်လှစ်ထားတယ်လို့ NUG က နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
-ရခိုင်ဆောင်ပါတီ (AFP) ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးကို ရက္ခိုင့်တပ်တော် (အေအေ) က မေးမြန်းစရာရှိလို့ ခေတ္တထိန်းသိမ်းထားတယ်လို့ နိုဝင်ဘာ ၂၈ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အေအေက ပြောဆိုပါတယ်။
-ဂျာမနီနိုင်ငံက မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အနေနဲ့ ယူရို ၃ ဒသမ ၃ သန်း ထောက်ပံ့သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်စိုက်ပျိုးရေးဇုန် ၁ မှာ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက ကုန်တင် ၁၂ ဘီးကားတစီးပေါ်ကနေ ရိုဟင်ဂျာ ၆၆ ယောက်နဲ့ ယာဉ်မောင်း ၂ ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပါတယ်။
-ပြီးခဲ့တဲ့ ဧပြီလမှာ ဖြစ်ပွားခဲ့တဲ့ တောင်ဒဂုံကမ္ဘာ့ရတနာဘဏ် မန်နေဂျာသေဆုံးမှုနဲ့ ပတ်သက်ပြီး ကျောင်းသား ၇ ယောက်နဲ့ တခြားသူ ၅ ယောက် ကို နိုဝင်ဘာ ၃၀ ရက်မှာ အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ သေဒဏ် ချမှတ်ခဲ့ပါတယ်။
ဒီဇင်ဘာ
-ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာ၊ တပင်ရွှေထီးလမ်းဘေးမှာ ဒီဇင်ဘာ ၅ ရက် မနက် ၇ နာရီက သေဆုံးနေတဲ့ ရိုဟင်ဂျာအလောင်း ၁၃ လောင်း တွေ့ရှိခဲ့ပါတယ်။
-ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာ ၄ ရက် ညနေပိုင်းက မန္တလေးလေဆိပ်မှာ စစ်ကောင်စီ တပ်က ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် တရက်အကြာမှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ဒီဇင်ဘာ ၅ ရက် နေ့လယ်မှာ ပြန်လည်ဖမ်းဆီးသွားပါတယ်။
-စစ်ကောင်စီရဲ့ လျှို့ဝှက်စစ်ခုံရုံးကနေ မြန်မာနိုင်ငံမှာ လူပေါင်း ၁၃၀ ကျော်ကို သေဒဏ်ချမှတ်နေတာကို ဆိုင်းငံ့ထားဖို့နဲ့ သေဒဏ်ပေးကွပ်မျက်မှုအားလုံးကို ရပ်နား ထားဖို့ သေဒဏ်ချမှတ်ခဲ့တာနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စတာ ဗော်လ်ကာတာ့က်က ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန် ပြောကြားပါတယ်။
-နှင်းဆီပါတီလို့လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းက အင်းစိန်အကျဉ်းထောင် အထူးတရားရုံးကနေ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မနှစ်ခုနဲ့ ထောင်ဒဏ် ၆ နှစ်နဲ့ ဒဏ်ငွေ ၁ သိန်း ချမှတ်ခဲ့ပါတယ်။
-ရန်ကုန်၊ ပန်းဆိုးတန်းနဲ့ ဒလဘက်ကို ပြေးဆွဲနေတဲ့ အမှတ် ၂ ချယ်ရီ ကူးတို့ သင်္ဘောပေါ်မှာ ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက ဗုံးပေါက်ကွဲလို့ လူ ၁၇ ယောက် ဒဏ်ရာရသွားပြီး အဲဒီထဲက ၅ ယောက် သေဆုံးသွားပါတယ်။
-နိုင်ငံတဝန်း အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံနေရတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ဖို့၊ လူသားချင်းစာနာမှုအကူအညီ အကန့်အသတ်အထိန်းအချုပ်မရှိခွင့်ပြုဖို့ စတာတွေပါဝင်တဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်မှာ ကန့်ကွက်သူမရှိ အတည်ပြုချမှတ်ခဲ့ပါတယ်။
-မြန်မာ့အရေးနဲ့ပတ်သက်ပြီး အလွတ်သဘောဆွေးနွေးပွဲတရပ်ကို ဘန်ကောက်မြို့မှာ ဒီဇင်ဘာလ ၂၂ ရက်က ထိုင်းအစိုးရက စီစဉ်ကျင်းပခဲ့ပြီး ဆွေးနွေးပွဲကို တက်ရောက်ဖို့ အာဆီယံနိုင်ငံတွေအပြင် တခြားအိမ်နီးချင်းနိုင်ငံတွေကိုပါ ဖိတ်ကြားခဲ့ပေမယ့် အာဆီယံရဲ့ အရေးပါတဲ့ အဖွဲ့ဝင်နိုင်ငံအများစုက တက်ရောက်ခြင်းမရှိခဲ့ပါဘူး။
-ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို အင်းစိန်အကျဉ်းထောင် အထူးတရားရုံးကနေ ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းမှာ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃ (က)နဲ့ ထောင်ဒဏ် ၅ နှစ်ချလိုက်ပါတယ်။
-၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင် မနုနုအောင်၊ မခက်ခက်အောင်နဲ့ သားဖြစ်သူ ကိုမြတ်သူတို့ကို ကျိုက်မရောအကျဉ်းထောင် တရားရုံးကနေ ဒီဇင်ဘာ ၂၃ ရက်မှာ ထောင်ဒဏ် ၁၅ နှစ်စီ အသီးသီး ချမှတ်လိုက်ပါတယ်။
-မြန်မာနဲ့ ယူကရိန်းကို အကူညီပေးဖို့ပါဝင်တဲ့ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွက် အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ (NDAA 2023 ) ကို အမေရိကန် သမ္မတ ဘိုင်ဒင်က ဒီဇင်ဘာ ၂၃ ရက်မှာ လက်မှတ်ရေးထိုးအတည်ပြုလိုက်ပါတယ်။
-ရှမ်းပြည်နယ်အခြေစိုက် ကမ္ဘောဇတိုင်းသတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးကျော်ဇေယျာကို ကြို့ပင်ကောက်မြို့က သူ့ရဲ့မိဘနေအိမ်မှာ စစ်ကောင်စီက ဒီဇင်ဘာ ၂၅ ရက် မနက်မှာ ဖမ်းဆီးခဲ့ပါတယ်။
-ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ အယ်ဒီတာချုပ် ဦးဟံသာညိန်းကို အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃ (က) နဲ့ စစ်ကောင်စီရဲ့ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ဒီဇင်ဘာ ၂၆ ရက်မှာ ထောင်ဒဏ် ၅ နှစ်ထပ်မံချလိုက်တာကြောင့် စုစုပေါင်း ၇ နှစ် ချမှတ်ခံထားရပါတယ်။
-အသက် ၄၃ နှစ်အရွယ် တေးရေး တေးဆို ကိုင်ဇာတင်မုံဟာ ဒီဇင်ဘာ ၂၅ ရက်က နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
-မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို မန္တလေး အိုးဘိုထောင်တွင်း တရားရုံးကနေ ဒီဇင်ဘာလ ၂၇ ရက်မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။
-ရဟတ်ယာဉ်အမှုတွေအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီဇင်ဘာ ၃၀ ရက်နေ့က နေပြည်တော် အချုပ်ထောင် အထူးသီးသန့်တရားရုံးက ထောင်ဒဏ် ၇ နှစ် အမိန့်ချလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီစွဲဆိုထားတဲ့ အမှု ၁၉ မှုအတွက် ကျခံရမယ့်ထောင်ဒဏ်ဟာ စုစုပေါင်း ၃၃ နှစ် ဖြစ်လာပါတယ်။
-မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်အထိ နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၆၈၈ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၇၀၄ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
Photo-Credit-MOI-DSINFO-Agencies