မဆလ အာဏာရှင် ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစိန်လွင်၊ ဗိုလ်ချုပ်မှူးကြီး စောမောင် စသူတို့ရဲ့ မျိုးဆက်တွေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီသတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကို တက်ရောက်ကြမယ့် ခေတ်အဆက်ဆက်နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံတော်အကြီးအကဲတွေနဲ့ တပ်မတော်အရာရှိကြီးတွေရဲ့ မိသားစုဝင်တွေကို စစ်ခေါင်းဆောင်နဲ့ ဇနီးဖြစ်သူတို့က ဒီဇင်ဘာ ၃၁ ရက်က နေပြည်တော်ရှိဘုရင့်နောင် ဧည့်ရိပ်သာမှာသွားရောက် တွေ့ဆုံခဲ့တာလို့ဆိုပါတယ်။
စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံတဲ့အထဲမှာ ဝန်ကြီးချုပ်ဟောင်း ဦးနု ရဲ့သမီး ဒေါ်သန်းသန်းနု၊ ဦးစန်းယုရဲ့သမီး ဒေါ်လဲ့လဲ့ယု၊ ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့ သား ဦးသီဟစော၊ ဦးနေဝင်းရဲ့ သမီး ဒေါက်တာခင်စန္ဒာဝင်း၊ ဦးဗဆွေရဲ့သမီး ဒေါ်နေရည် ဗဆွေ၊ ဦးကျော်ငြိမ်းရဲ့ သမီး ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒုဗိုလ်ချုပ်ကြီးထွန်းရီရဲ့သား ဦးဇော်ထွန်းနဲ့ ဦးစိန်လွင်ရဲ့ သမီး ဒေါက်တာချိုလွင်ဦးတို့ ပါဝင်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
Photo-DSINFO