ပဲခူးတိုင်း၊ ပဲခူးမြို့မှာ ဒီဇင်ဘာ ၃၁ ရက် မနက် ၅ နာရီလောက်က စစ်ကောင်စီရဲ့ တပ်ကင်းစခန်း နဲ့ ရဲစခန်းနေရာ ၃ ခု မိုင်းဆွဲတိုက်ခိုက်ခဲ့ရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြိုခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ပင်မထောက်ပံ့ပို့ဆောင်ရေး တပ်ကင်းဂိတ်၊ ပဲခူးမြို့နယ် အမှတ် ၂ ရဲစခန်းနဲ့ ကလိ စစ်ဆေးရေးဂိတ်တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တာပါ။
ပဲခူးမြို့ခံပြည်သူတဦးက ”စစ်ကောင်စီလုံခြုံရေးဂိတ် ၂ ခုနဲ့ ရဲစခန်းတိုက်ခိုက်ခံရတာ ဟုတ်တယ်။ ၂ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရတယ်လို့ ကြားတယ်။ အခုတော့ လုံခြုံရေးတင်းကြပ်ပြီး စစ်ဆေးတာတွေ ပိုလုပ်နေတယ်”လို့ ပြောပါတယ်။
အဆိုပါ ဂိတ်ကင်းစခန်းတွေ တိုက်ခိုက်ခံရပြီးနောက် ပဲခူးမြို့ဝင် မြို့ထွက်ဂိတ်တွေမှာ စစ်ကောင်စီက လူ၊ ဆိုင်ကယ်နဲ့ မော်တော်ယာဉ်တွေကို ပိုမိုစစ်ဆေးလာတဲ့အပြင် လုံခြုံရေးတင်းကြပ်ထားပါတယ်။
နန်းထိုက်အောင်စစ်ဆင်ရေးအမည်နဲ့ ပဲခူးပြည်သူကာကွယ်ရေးအဖွဲ့နဲ့ ဒိုက်ဦးကာကွယ်ရေးတပ်ဖွဲ့က အဲဒီနေ့ မနက် ၄ နာရီ ၄၅ မိနစ်လောက်က စစ်ကောင်စီရဲ့ ပင်မထောက်ပံ့ပို့ဆောင်ရေး တပ်ကင်းဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ပဲခူး PDFက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မနက် ၄ နာရီ ၅၀ မိနစ်လောက်မှာ ပဲခူးမြို့ အမှတ် ၂ ရဲစခန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းအတည်ပြုနေဆဲဖြစ်သလို မနက် ၄ နာရီ ၅၅ မိနစ်မှာ ကလိစစ်ဆေးရေးဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက် မနက် ၁၁ နာရီလောက်ကလည်း ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ နားဂျပ်ပင်ကျေးရွာ၊ ဂူတောင်တောရကျောင်းအနီးမှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အရာရှိ ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူး PDF က ထုတ်ပြန်ခဲ့ပါတယ်။