Home
ဆောင်းပါး
နှစ်သစ်ကူး ဆုတောင်း (သရော်စာ)
DVB
·
January 1, 2023
32PKLS301222FRI

(က)

သည်နေ့မနက်စောစော အဘစောမူးသာတို့အိမ်က ရေနွေးကြမ်းဝိုင်းမှာ အဘရစ်ချတ်ရယ်၊ စစ်ပြန်ကြီးအဘလုံးတုံးရယ်၊ အဘစိမ်းမောင်ရယ် စကားကောင်းနေကြတာ။

လေရှီးကဖေကြီးကတော့ နားထောင်သမား။ သူတို့ သက်တူရွယ်တူ ငယ်ပေါင်းသူငယ်ချင်း တွေဟာ ပြောမနာ ဆိုမနာ ဆဲမနာတွေဆိုတာ ဒီရွာမှာ လပေါင်းများစွာ သောင်တင်နေ တုန်းမှာ သိခွင့်ရခဲ့ပါလေ၏။ ဒီအထဲမှာ အစွန်းရောက်အစိမ်းချစ်သူမှာ အဘစိမ်းမောင်တစ်ဦးထဲသာ ရှိပါ၏။

သူကလည်း ရွာမှာ ပစ္စည်းရှိတဲ့အထဲလည်းပါပြန်၊ ရပ်ကျေးအစိမ်းဥက္ကဋ္ဌလည်းဖြစ်ပြန်ဆိုတော့ သိတဲ့အတိုင်းပဲပေါ့ ခင်ဗျာ။ သူတို့မိသားစုက နည်းနည်းတော့ ပေါင်းရခက်တဲ့အထဲမှာ ပါတယ်တဲ့ ခင်ဗျ။ သူ့မိန်းမနဲ့သူ့သားတွေအကုန်လုံးကလည်း သူ့ပါတီပဲတဲ့။ အဲသည်အထဲမှာ သူတို့နဲ့ ဆန့်ကျင် ဘက်ကတော့ သူ့သမီးယောကျ်ား သူ့သမက် ' ကိုကိုနိုင် ' ပါတဲ့ ခင်ဗျ။

ပြောရရင်တော့ သူ့သမက်က ' လူမှန် 'လို့ အဘစောမူးသာတို့က ပြောပြတယ်။  သူတို့မိသားစုက မြဝတီကလွဲလို့ တခြားဘယ်လိုင်းမှ မကြည့်ကြပါဘူးတဲ့။ သူတို့ရဲ့ အိမ်ခြံဝင်းကြီးထဲမှာပဲ အိမ်ခွဲဆောက်ပြီး သပ်သပ်နေကြတဲ့ သူ့သမီးယောက်ျား သူ့သမက်ကတော့ PSI စလောင်းကလာတဲ့ DVB တို့၊ PV တို့၊ Mizzima တို့၊ BBC တို့၊ VOA တို့ကိုသာ ကြည့်ပါသတဲ့။

ဒါပေမဲ့ အစွန်းရောက် ယောက္ခမကိုအားနာတာကြောင့် TV အသံကို ကြားရရုံ လောက်သာ ခပ်တိုးတိုး ဖွင့်ရရှာပါသတဲ့။ ယောက္ခမကလည်း သူ့မက်ကို ' မြဝတီ ' မကြည့်လို့ မကြည်ဘူးတဲ့ ခင်ဗျ။ 

ဒီလို သတင်းမှန်တွေ လွှင့်ထုတ်ပေးနေတဲ့ဟာကိုတော့ ကြည့်ရကောင်းမှန်းမသိဘဲ တခြားလိုင်းတွေကိုပဲဖွင့်တဲ့သမက်ကို အဲဒါတွေမဖွင့်ဖို့ သမီးဖြစ်သူကို ပြောခိုင်းဖူးတယ်လို့လည်း အဘလုံးတုံးက ဖောက်သည်ချပါသဗျ။

" ဒါနဲ့ စိမ်းမောင်ရေ . . . မင်း သမက်' ကိုနီ ' လည်း မတွေ့တာကြာပြီကွာ "

" ဟေ့ကောင်မူးသာ . . ငါ့မှာ သမက်တစ်ယောက်ပဲရှိတယ်၊ ' ကိုနီ ' တော့မဟုတ်ဘူး၊ ' ကိုနိုင် ' ကွ ' ကိုနိုင် ' "

" ဟားဟား ဟားဟား ဟားဟား . . . "

" အေးပါကွာ . . . အေးပါ . . . ငါတို့က ' ကိုနိုင် ' ကို ' ကိုနီ ' လို့ပဲ ခေါ်နေကျလေ ကွာ၊ သူက ' ရဲရဲတောက် ' မဟုတ်လား "

" သွားစမ်းပါကွာ . . . . . . "

" ဝါး ဟားဟား ဟားဟား ဟားဟား . . . "

(ခ)

စကားဝိုင်းမှာ ' မြိုင် ' လာပါလေ၏။ အဘစိမ်းမောင် စိတ်ဆိုးဒေါသထွက်လေ အဘစောမူးသာတို့ အဘလုံးတုံးတို့ အဘရစ်ချတ်တို့က မသိမသာ ' ကြပ် ' လေဆိုတော့ ပြုံးနေရတာပေါ့ ခင်ဗျာ။ အဘစိမ်းမောင်ကလည်း ခုထက်ထိ တစ်ဖက်စွန်းမှာ ရပ်နေဆဲပါပဲ။

" အဲဒီကောင် ' ကိုနိုင် ' က လူပေါင်းမှားနေတာကွ "

" အဲ . . . ဟဲ့ . . . ဟဲ့ကောင်စိမ်းမောင်ရဲ့၊ ကိုနီက ငါတို့နဲ့ ပေါင်းနေတာလေကွာ "

" မင်းတို့ကို ပြောတာမဟုတ်ဘူး "

" ဝါး ဟားဟား ဟားဟား ဟားဟား . . "

အဲသလိုပါဆို။ သမက်ကို အဲသလို။ ပြီးတော့ စကားဝိုင်းဆက်ကြတဲ့အခါ ကိုနိုင့်

အကြောင်းတွေ စုံလင်စွာ ဆက်ပြောပါ လေ၏ ခင်ဗျာ။ 

" မင်းတို့ကောင် ' မောင်နိုင် ' က လူကြီးကိုလည်း လူကြီးမှန်းမသိတဲ့ကောင်၊ ရို သေလေးစားရမှန်း မသိတဲ့ကောင်ကွ "

" ကိုနီက ယဉ်ကျေးမှု ရှိပါတယ်ဟ "

"အလကားကောင်ပါကွာ . . . မင်းတို့ပဲ စဉ်းစားကြည့်လေ . . . အခု နိုင်ငံတော် ဝန်ကြီးချုပ်ကို ဘယ်လိုခေါ်တယ်မှတ်လဲ"

" အဲ . . . ဘယ်လိုများ ခေါ်လို့လဲဟ "

" ဘယ်လိုခေါ်ရမလဲဟ၊ ' မအလ ' တဲ့ "

" ' မ အ လ ' ဆိုတော့ . . . "

" အေး . . . အဲ . . . . . . "

" ဟားဟား ဟားဟား ဟားဟား . . . . "

" မင်းတို့တွေ ဘာရယ်တာလဲ "

" ' မအလ ' မိုလို့ ' မအလ ' ခေါ်တာလကွာ "

အဘစိမ်းမောင်ကား အဲသည်လိုလူစား ခင်ဗျ။

(ဂ)

သည်နေ့မနက်ရေနွေးကြမ်းဝိုင်းမှာတော့ ' ကိုနီ ' ဟာ အမြည်းဖြစ်သွားရှာပါတော့တယ် ခင်ဗျ။ သည်ဘက်က ကြပ်လေ ဟိုဘက်က ဒေါသနဲ့ နင်းကန်ပြောလေဆိုတော့ ရယ်နေကြရ တာပေါ့။ ဒါလည်း အဘစိမ်းက မရပ်သေး။

" ဒါနဲ့ မင်းကိုကော မလေးမစားလုပ်လို့လား "

" ငါ့ကိုတော့ ရိုသေသမှု ရှိပါတယ်။ ခက်တာက မောင်နိုင်ဟာ နိုင်ငံတော်ရဲ့ဝန်ကြီးချုပ် တိုင်းပြည်ရဲ့ ရာထူးအကြီးဆုံးပုဂ္ဂိုလ်ကို ဒင်းက မလေးမစားလုပ်နေတာ ခက်တာကွ "

" သြော် . . . အေး အေး . . . "

စကားထောက်နေတဲ့ အဘတွေရဲ့မျက်နှာတွေ မျက်လုံးတွေ နှုတ်ခမ်းတွေမှာ ပေါ်နေ တဲ့ ကြပ်နေတဲ့လက္ခဏာပုံရိပ်တွေကိုလည်း အဘစိမ်းကား သတိမထား သတိမမူဘဲ သူ ပြောချင်တာသာ ' ဆက်ဆွဲ ' နေပါ၏။

" ဒါနဲ့စိမ်းမောင် . . . ကိုနီက မင်းတို့စကစ ဥက္ကဋ္ဌကြီးကို ဘယ်လိုတွေများ မလေးမစား

လုပ်နေတာလဲဟ "

" အများကြီးကွာ . . . အများကြီး "

" ဆိုစမ်းပါအုံးကွာ . . နမူနာတစ်ခုလောက် "

အဘလုံးတုံးက ခပ်တည်တည်မျက်နှာပေး ဖြင့် မူလီအရစ်ကို ထပ်ကြပ်ပါလေရာ အဘ စိမ်းကား သူ့သားမက်အကြောင်းကို ထပ်ပွား ပါလေတော့၏။

" အခုရက်ထဲ ဒီကောင် ညဘက်ဘုရားရှစ်ခိုးပြီးရင် ' နှစ်သစ်ကူး ဆုတောင်းစကား '  တွေကို ခပ်ကျယ်ကျယ် ရွတ်ရွတ်နေတယ်ကွ "

" ဘယ်လိုလဲဟ၊ သူ့ 'နှစ်သစ်ကူး ဆုတောင်း စကား ' ကိုတော့ စိတ်ဝင်စားမိပြီ "

အဘစိမ်းကား ရေနွေးခွက်ကို ကောက်မော့ပြီး ဆေးပေါ့လိပ်ကိုဖွာကာ ခပ်ပြင်းပြင်းတစ်ချက်ရှိုက်ပါလေ၏။ ပြီးမှ သူ့၏ချစ်လှစွာသော သမက်၏ဆုတောင်းကို ပြောပြပါ၏။

" ဘုရားရှစ်ခိုးပြီးတာနဲ့ ' နှစ်သစ်မှာ တိုင်းပြည်အမြန်ဆုံး အေးချမ်းပါစေ ' ဘာညာပေါ့ကွာ "

" အဲ . . . အဲဒါ ကောင်းတဲ့ဆုတောင်းပဲဟ "

အဘစိမ်းက အဘစောမူးသာ့စကားကိုကြားတော့ မျက်နှာရှုံ့မဲ့ပါလေ၏။ ပြီးမှ

" အဲဒီဆုတောင်းနောက်မှာ နောက်ထပ်ပါ လာတာတွေက အများကြီးကွ "

" ကောင်းတာတွေပဲမဟုတ်လားဟ . . . "

" အေး . . . ကောင်းလားမကောင်းလား မင်းတို့ပဲ စဉ်းစားကြည့်ကြပေါ့ကွာ "

" ဆိုပါအုံး . . . "

" ဒီကောင်က ' တိုင်းပြည်နဲ့ လူထုရဲ့အနာဂတ်အကျိုးကို စိတ်ကောင်း စေတနာ ကောင်းများစွာဖြင့် သယ်ပိုးဆောင်ရွက်နေကြသူများ ကျန်းမာချမ်းသာပြီး ဘေးဘယာ  ဝေးကွာ၍ အောင်မြင်ကြပါစေ ' တဲ့ကွ "

" အေးလေ . . . ကောင်းသားပဲ "

" အဲ . ပြီးတော့ ' တိုင်းပြည်ကို ဖျက်ဆီးနေသူများ၊ ထိုဖျက်ဆီးသူများ၏ လူမဆန် သောလုပ်ရပ်များကို နှစ်ခြိုက်စွာအားပေးနေ သူအပေါင်း အမြန်ဆုံး ကျဆုံးကြပါစေ ' တဲ့ကွ။

" အေးလေကွာ . . . ကောင်းတာပဲ "

" ဘာကောင်းတာလဲ . . . အဲဒါ ' စောင်း ' ပြောတာဟ၊ ' စောင်း ' ပြောတာ "

" ဘယ်သူ့ကို စောင်းပြောတာလဲ ဟ "

" အဲ . . . မင်းတို့ပဲ စဉ်းစားကြည့်ပေါ့ကွာ "

" ဝါး ဟားဟား ဟားဟား ဟားဟား . . . "

စိမ်းသရဖူစိမ်း အဘစိမ်းမောင်ကား သူ့စကား ဘယ်သွားလို့ ဘယ်လာသည် ဆိုတာကို မတွက်ဆတတ်သူပါတကား။ ဟိုအဘတွေကား မျက်နှာကြီးတွေ ဖောင်းအစ်ကာ မျက်လုံးတွေပါ ပိတ်သည်အထိရယ်တော်မူနေကြပါလေ၏။ အဘစိမ်းကား ဘာစကားမှ ဆက်၍မရတော့ဘဲ သူ့ချစ်သမက်ကြီး၏ ဆုတောင်းစကားများကို အပြန်ပြန်အလှန်လှန် စဉ်းစားနေ သလိုလိုပါပေ။

" ကိုနီ့ နှစ်သစ်ကူးဆုတောင်းစကားကို ငါတို့လည်းကြိုက်တယ်ကွ . . . ညတိုင်း ဘုရားရှစ်ခိုးပြီးရင် သူ့လိုပဲ ဆုတောင်းကြပါတော့မယ်ဗျား "

" ဟား ဟား ဟား ဟား ဟား . . . "

သည့်နောက်မှာတော့ အဘစောမူးသာရယ်၊ အဘလုံးတုံးရယ်၊ အဘရစ်ချတ် ရယ်တို့ဟာ ကိုနီ၏ဆုတောင်းစကားကို တစ်ယောက်တစ်ခုစီရွတ်ဆိုကာ ရေနွေး ကြမ်းဝိုင်းကို ပိတ်သိမ်းလိုက်ကြပါလေတော့သတည်း။

" နှစ်သစ်မှာ တိုင်းပြည်အမြန်ဆုံး အေးချမ်းပါစေ "

" တိုင်းပြည်နဲ့ လူထုရဲ့အနာဂတ်အကျိုးကို စိတ်ကောင်း စေတနာကောင်းများစွာဖြင့် သယ်ပိုး ဆောင်ရွက်နေကြသူများ ကျန်းမာချမ်းသာပြီး ဘေးဘယာ ဝေးကွာ၍ အောင်မြင်ကြပါစေ "

" တိုင်းပြည်ကို ဖျက်ဆီးနေသူများ၊ ထို ဖျက်ဆီးနေသူများ၏ လူမဆန်သောလုပ် ရပ်များကို နှစ်ခြိုက်စွာအားပေးနေသူအပေါင်း အမြန်ဆုံး ကျဆုံးကြပါစေ "

ဖေကြီး (လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024