စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်ပင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲဝင်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့က အင်အားသုံး စစ်ကြောင်းထိုးဝင်ရောက်လာပြီး အပြစ်မဲ့ပြည်သူ ၆ ယောက် ထက်မနည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အဲ့ဒီကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး အင်အား ၄၀ ဝန်းကျင်နဲ့ ဝင်ရောက်လာတဲ့အတွက် ဒေသခံပြည်သူ ၂၀၀၀ လောက်က ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ဒါပေမဲ့ ကျေးရွာထဲမှာတော့ ဒေသခံ ၂၀ ဝန်းကျင်က ပိတ်မိနေခဲ့ပြီး အဲဒီထဲက ဒေသခံ ၆ ဦးရဲ့ အလောင်းကိုတော့ ပြန်လည်ကောက်ယူရရှိခဲ့တယ်လို့ တိုက်နယ်(၄) ပ.က.ဖ စစ်ရေးတာဝန်ခံ ဗိုလ်ကျားက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီကျေးရွာမှာ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့အထဲ နေအိမ် ၄၀၀ လောက် မီးရှို့ဖျက်ဆီးခံလိုက်ရကာ တိုက်ပွဲတွေကတော့ ဒီဇင်ဘာလ ၃၀ ရက် နေ့လယ်အထိ ဖြစ်ပွားနေဆဲလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
လက်ရှိအချိန်ထိလည်း စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာထဲမှာ ဆက်လက်တပ်စွဲထားပြီး အနီးနားဝန်းကျင်တွေကို ပစ်ခတ်နေတဲ့အတွက် ရွာသားတွေ ကျေးရွာထဲကို ပြန်လည် မဝင်ရောက်နိုင်သေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၂၁ လအတွင်း လက်နက်ကိုင် ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေကြောင့် နိုင်ငံတဝန်းက မြို့နယ် ၈၁ ခုမှာ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရကာ အဲဒီထဲက စစ်ကိုင်းတိုင်းထဲက ရွှေဘိုမြို့နယ်ကတော့ အများဆုံးမီးရှို့ခံရတယ်လို့ ISP Myanmar က နိုဝင်ဘာလ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။