စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာရှိ အပြစ်မဲ့ဒေသခံတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုလိုမျိုး နောက်ထပ်မလုပ်ဖို့နဲ့ အမြန်ဆုံး ချက်ချင်းရပ်တန့်ဖို့ တအောင်းတပ် TNLA နဲ့ ကိုးကန့်တပ် MNDAA တို့က ထုတ်ပြန် သတိပေးလိုက်ပါတယ်။
စစ်တွေအခြေစိုက်စစ်ကောင်စီတပ်တွေ၊ စစ်သင်တန်းဆင်း မွတ်စလင်တပ်ဖွဲ့တွေနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ပူးပေါင်း အင်အား ၁၇၀ ဟာ မေ ၂၉ ရက်က ဗျိုင်းဖြူရွာကို ဝိုင်းရံပိတ်ဆို့ပြီး ကျေးရွာနေ ပြည်သူ အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်ပါမကျန် ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို ထိန်းသိမ်းထားစဉ် အမျိုးမျိုးနှိပ်စက်တာ၊ အမျိုးသမီးတချို့ကို မုဒိမ်းကျင်တာ၊ ပြည်သူ ၇၆ ဦးကို ရက်စက်စွာ သတ်ဖြတ်တာအပြင် အလောင်းဖျောက်ဖျက်တာ၊ ကျေးရွာနေပြည်သူတွေရဲ့ ရွှေပစ္စည်းတွေကို လုယက်သိမ်းယူတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ အစရှိတဲ့ ရာဇဝတ်မှုကြီးကို လက်ရဲဇက်ရဲ ကျူးလွန်နေတဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
အခုလို ကျူးလွန်မှုမျိုးတွေကို ရခိုင်ပြည်နယ်မှာသာမက မြန်မာတနိုင်ငံလုံး မှာ နောက်ထပ်မလုပ်ဖို့ အမြန်ဆုံး ချက်ချင်းရပ်တန့်ဖို့ သတိပေးလိုက်ကြောင်းနဲ့ အသက်ဆုံးရှုံးရတဲ့ ပြည်သူအားလုံးရဲ့ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရကြောင်းလည်း TNLA နဲ့ MNDAA ပူးပေါင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဗျိုင်းဖြူရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက် ဖမ်းဆီးပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်မှု ဖြစ်စဉ်အတွင်း သေဆုံးသူ ၇၆ ဦးထိ ရှိလာကြောင်း ဇွန် ၄ ရက်နေ့က အာရက္ခတပ်တော် (AA) ကလည်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က မေ ၂၉ ရက်ကစပြီး ဒီနေ့ထိ ဗျိုင်းဖြူကျေးရွာ ဒေသခံ ၇၆ ဦးအား သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဗျိုင်းဖြူကျေးရွာ ကိစ္စ နဲ့ပတ်သက်ပြီး မဟုတ်မမှန်သတင်းတွေ ထုတ်လွှင့်နေတာသာဖြစ်တယ်လို့ ဝါဒဖြန့်မီဒီယာတွေမှာ ပြောထားပါတယ်။
မေ ၂၉ ရက်မှာ ဗျိုင်းဖြူကျေးရွာထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ရာမှာ ရွာသားမဟုတ်တဲ့ မသင်္ကာတဲ့လူတွေကို ခေါ်ယူမေးမြန်းနေချိန် လူ ၃ ယောက်က သေနတ်ကို လုယူပြီး ရန်ပြုဖို့ကြိုးစားလို့ ပစ်သတ်ခဲ့တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံထားပြောကြားထားပါတယ်။