၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့၊ နွေဦးတော်လှန်ရေးအတွင်း အကြမ်းဖက်စစ်တပ် ပစ်သတ်လို့ ပြည်သူ ၂,၆၃၉ ဦး ကျဆုံးခဲ့ပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေး ဆုံးဖြတ်ချက်-၂၆၆၉ ထွက်ပေါ်လာခဲ့ပါတယ်။ မြန်မာ့အရေး တံခါးပိတ် အစည်းအဝေးတွေ အကြိမ်ကြိမ်ပြုလုပ်ပြီး ပိတ်ထားတဲ့တံခါးကနေ ဟဟလေး ချောင်းကြည့်ကာ မြန်မာ့အရေး ရူးချင်ယောင်ဆောင်နေတဲ့ လုံခြုံရေးကောင်စီက နွေဦးတော်လှန်ရေးအတွင်း ပထမဆုံးအကြိမ်အဖြစ် ဆုံးဖြတ်ချက်-၂၆၆၉ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ အမှတ်အသားကောင်းတဲ့ မီဒီယာကြီးတချို့ကတော့ ၇၄ နှစ်အတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီရဲ့ ပထမဆုံးအကြိမ် ဆုံးဖြတ်ချက် ဖြစ်တယ်လို့လည်း ဖော်ပြကြပါတယ်။
ဆုံးဖြတ်ချက်-၂၆၆၉ ရဲ့ ထူးခြားချက်က တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့က မဲမပေးဘဲ ကြားနေခဲ့ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင် ကျန် ၁၂ နိုင်ငံရဲ့ ထောက်ခံချက်နဲ့ ကန့်ကွက်သူမရှိ အတည်ပြုလိုက်နိုင်တာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာက ဘာ့ကြောင့် တရုတ်နဲ့ ရုရှားတို့က ဗီတိုသုံးပြီး မပယ်ချတာလဲ ဆိုတာပါပဲ။ တရုတ်ကတော့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ စစ်အုပ်စုကို တိုက်တွန်းခဲ့ပေမဲ့ အဖက်လုပ်ခြင်းမခံရတာကြောင့်ရော မင်းအောင်လှိုင် အခြေအနေမဟန်တာ သိတာကြောင့်ရော အာဆီယံနဲ့ ဆက်ဆံရေး ကောင်းချင်တာကြောင့်ရောနဲ့ အရေးယူမှုမပါတဲ့ ဆုံးဖြတ်ချက် ဖြစ်တာကြောင့် ကြားနေခဲ့တာလို့ ထင်ရပါတယ်။
ရုရှားကတော့ ယူကရိန်းကျူးကျော်စစ်ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းကြား သံတမန်ရေး ဟက်တက်ကွဲနေချိန်မှာ နောက်ထပ် မြန်မာ့အရေးကို ကန့်ကွက်မိလို့ ထပ်မံဇာတ်နာမယ့်ကိန်းကို ရှောင်ရှားလိုဟန် ရှိပါတယ်။ ပြီးတော့ ယူကရိန်းကျူးကျော်မှုမှာ အာဆီယံက ပြတ်သားတဲ့ ကန့်ကွက်မှု မလုပ်ခဲ့တဲ့အပေါ် ပြန်ထောက်ထားတဲ့ပုံပါ။ ပြီးတော့ ရုရှားရဲ့ စစ်ရေးအသာစီးရခဲ့မှုဟာ ဆက်တိုက်ဆိုသလို ပြန်နောက်ဆုတ်နေရပြီး ဂုဏ်သိက္ခာအရ အိမ်နိမ့်စံဘဝ ရောက်နေချိန်မှာ အရေးမပါတဲ့ မင်းအောင်လှိုင်အတွက် အာရုံ အနောက်မခံချင်တာကြောင့် ကန့်ကွက်မဲ မပေးခဲ့ဟန်တူပါတယ်။ ဘယ်လိုအကြောင်းကြောင့် မကန့်ကွက်တာဘဲ ဖြစ်ပါစေ၊ စစ်အုပ်စုအတွက်ကတော့ သူ့ဘက်မှာ သူ့ရဲ့ အမာခံလို့ ထင်ထားခဲ့တဲ့ ရုရှားလိုနိုင်ငံတောင် မရှိပါလားဆိုတဲ့ ရှော့ခ်ရသွားမှာက အသေအချာပါပဲ။
မြန်မာ့အရေး ဆုံးဖြတ်ချက်ထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့၊ အာဆီယံ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့၊ မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ စာနာမှုအကူအညီတွေကို အကန့်အသတ်မရှိ ခွင့်ပြုပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
အဲဒီအချက်တွေကို လုပ်ပေးဖို့ လုံခြုံရေးကောင်စီက အကြမ်းဖက်စစ်အုပ်စုကို တောင်းဆိုလိုက်ခြင်းဖြစ်ပြီး မလုပ်ရင်လည်း ဘာမှမဖြစ်တဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကတော့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ဟာ အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ ဆိုပေမဲ့ လုံခြုံရေးကောင်စီအနေနဲ့ အခုအခွင့်အရေးကို အသုံးချပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေဖို့ နည်းလမ်းသစ်များ ရှာဖွေဖို့၊ အာဏာရှင်တွေရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံမှု တာဝန်ယူမှု ပိုမိုရှိလာစေဖို့နဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့ အားထုတ်နေတဲ့ အာဆီယံအပေါ် အားပေးထောက်ခံဖို့ ဆောင်ရွက်သင့်ကြောင်း ပြောပါတယ်။
ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ပိုမိုထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ဖိအားပေးဖို့နဲ့ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးကို ဦးစားပေး လုပ်ငန်းစဉ်အဖြစ် ပုံမှန်လုပ်ဆောင်သွားဖို့လိုကြောင်း ပြောကြားခဲ့ပေမဲ့ လုံခြုံရေးကောင်စီလမ်းက လိပ်တကောင်သွားတဲ့နှုန်းနဲ့ ရှည်နိုင် ဝေးနိုင်ပါတယ်။
အခုဆုံးဖြတ်ချက်ကို မလုပ်ခဲ့ရင် ဘာလုပ်မလဲ ဆိုတာကို နောက်တဆင့် ထပ်ဆွေးနွေးကြမယ်လို့ ထင်ရပြီး နောက်ထပ်တဆင့် အရေးယူခန်းကိုရောက်ဖို့ နောက်ထပ် တနှစ်မက ထပ်ကြာနိုင်သလို အခု မဲမပေးဘဲ ကြားနေခဲ့တဲ့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့ထဲက နိုင်ငံတခုခုရဲ့ ခလောက်ဆန်မှုကြောင့် ရှေ့မဆက်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။
ဆိုတော့ အခုဆုံးဖြတ်ချက်ဟာ ဘာဆိုဘာမှ မထိရောက်ဘူးလားလို့ မေးစရာရှိပါတယ်။ တင်းတင်းစေ့ထားတဲ့ လုံခြုံရေးကောင်စီရဲ့ တံခါးကို ဆွဲဖွင့်လိုက်နိုင်တာဖြစ်လို့ သိပ်ကို ထိရောက်မှုရှိပါတယ်။ အခုဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂရဲ့ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းက အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းထားတာဖြစ်ကြောင်း တရားဝင် အသိအမှတ်ပြုလိုက်ခြင်းဖြစ်သလို အာဏာအတွက် ပြည်သူကို သတ်ချင်တိုင်း သတ်နေတာတွေ ရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီအင်အားစုတွေနဲ့ ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းလိုက်ခြင်းလည်း ဖြစ်ပါတယ်။ အဲဒါကို နောက်တမျိုး ထပ်ပြောရမယ်ဆိုရင် စစ်အုပ်စုဖြစ်ချင်နေတဲ့ ၂၀၂၃ ရွေးကောက်ပွဲကို လက်မခံဘူးလို့ ပြောကြားလိုက်ခြင်းပါပဲ။
ဒါ့အပြင် လုံခြုံရေးကောင်စီက အရေးမယူပေမဲ့ စစ်အုပ်စုကို ဘယ်သူမဆို တစုံတရာ အရေးယူပါကလည်း မှန်ကန်သင့်မြတ်တဲ့ အရေးယူမှုဖြစ်ကြောင်း လမ်းဖွင့်ပေးလိုက်သလိုပါပဲ။
စစ်အုပ်စုကတော့ ရှင်းပါတယ်။ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ထွက်လာတဲ့ ဒီဇင်ဘာ ၂၁ ရက် နေ့မှာပဲ စစ်ကိုင်းမြို့နယ်ထဲက အိမ် ၇၂၉ လုံးကို တရက်တည်းနဲ့ မီးရှို့ခဲ့သလို ဆက်တိုက်ဆိုသလိုပဲ နေ့စဉ်မပျက် ပြည်သူအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အစဉ်အလာမပျက် လုပ်ဆောင်ကာ လုံခြုံရေးကောင်စီကို အံတုနေပါတယ်။
ဒီဇင်ဘာ ၂၃ ရက်နေ့မှာလည်း အကြမ်းဖက်စစ်အုပ်စုက လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လက်မခံကြောင်း ကြေညာချက် ထုတ်ပြန်ရုံတင်မက အဲဒီဆုံးဖြတ်ချက်တွေဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့ ညီညွတ်ခြင်းမရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဒီဇင်ဘာ ၂၃ ရက်နေ့မှာပဲ အမေရိကန်လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုထားတဲ့ အမေရိကန်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် ပြဋ္ဌာန်းတဲ့ ဥပဒေကြမ်း (National Defense Authorization Act-NDAA) ကို သမ္မတဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဲဒီ NDAA ဥပဒေမှာ Burma Act လို့ခေါ်တဲ့ စစ်အုပ်စုလည်မျိုကို တင်းတင်းရင်းရင်းညှစ်မယ့် ပိတ်ဆို့အရေးယူမှုတွေ ပြဋ္ဌာန်းထားသလို တိုင်းရင်းသားလက်နက်ကိုင်နဲ့ PDF တို့ကို နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးတွေ ပါဝင်ပါတယ်။
ဆိုတော့ NDAA ဥပဒေဟာ သံတမန်ဖိအားတခုတည်းနဲ့ မလုံလောက်တော့ကြောင်း အမေရိကန်က နိုင်ငံတကာအသိုင်းအဝိုင်းကို လက်တွေ့ပြောပြလိုက်ခြင်းဖြစ်သလို နွေဦးတော်လှန်ရေးရဲ့ စစ်ရေးနယ်ပယ်ထဲ အမေရိကန်က ခြေတဖက် လှမ်းလိုက်ခြင်းလည်း ဖြစ်ပါတယ်။
ပြောရရင် လုံခြုံရေးကောင်စီဖွင့်လိုက်တဲ့ တံခါးတချပ်ကနေ အမေရိကန် NDAA ဥပဒေက မာမာထန်ထန် ဝင်ရောက်လာပြီလို့ ဆိုနိုင်ပါတယ်။
၂၀၂၃ ခုနှစ်မှာ အာဆီယံမူ ၅ ရပ်ကို မဖော်ဆောင်လို့ သက်ရောက်လာနိုင်ခြေရှိတဲ့ အာဆီယံ ဖိအား၊ NDAA ရဲ့ လည်မျိုညှစ်မှုနဲ့ တွန်းအားတွေဟာ နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ကို ဟုန်းခနဲ မြှင့်တင်ပေးနိုင်မှာမို့ စစ်အုပ်စု ဘယ်လိုရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
ထွန်းလင်း