မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်၊ ရူပဗေဒနောက်ဆုံးနှစ်ကျောင်းသား ကိုမျိုးသူရအောင်ကို စစ်ကောင်စီ တရားရုံးကနေ ဒီဇင်ဘာ ၂၇ ရက်က ထောင်ဒဏ် ၁၃ နှစ် ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ မော်လမြိုင်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။
ကိုမျိုးသူရအောင်ကို ၂၀၂၂ ခုနှစ်၊ ဇွန် ၃၀ ရက် ညနေပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှာ ၅ လကျော်ကြာ ချုပ်နှောင်ထားခဲ့ရာက ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခဲ့တာပါ။
အဲဒီထဲက အမှုတခုအတွက် မနေ့က ဘားအံအကျဉ်းထောင် အထူးတရားရုံးကနေ ထောင်ဒဏ် ၁၃ နှစ် အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက ထောင်ဒဏ် ချမှတ်လိုက်တဲ့ ပုဒ်မအမျိုးအစားကိုတော့ လုံခြုံရေးအပါအဝင် အကြောင်းကြောင်းကြောင့် မထုတ်ပြန်သေးဘူးလို့ ဆိုပါတယ်။
ကိုမျိုးသူရအောင်ဟာ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ စတုတ္ထအကြိမ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ မှတ်တမ်းနဲ့ သုတေသန တာဝန်ခံဟောင်းတဦးလည်း ဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းသားတယောက်ကို အခုလို ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်တဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်းနဲ့လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ တိုက်တွန်းတယ်လို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မင်းသံစဉ်ဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစလို့ အခုအချိန်အထိ စစ်တပ်အာဏာသိမ်းကာလအတွင်း မော်လမြိုင်တက္ကသိုလ်က ကိုမျိုးသူရအောင် အပါအဝင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၇၈ ဦး ဖမ်းဆီးခံထားရတယ်လို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ သုတေသနကော်မတီရဲ့ စာရင်းအရ သိရပါတယ်။
အဆိုပါစာရင်းထက် လက်တွေ့ မြေပြင်မှာရှိတဲ့ ဖမ်းဆီးခံအရေအတွက်က ပိုများပြားနိုင်တယ်လို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆိုပါတယ်။
မော်လမြိုင်တက္ကသိုလ် ဘူမိဗေဒကျောင်းသား ကိုထက်ဝေထူးဟာလည်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးထားရပါတယ်။