စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရုံးဌာနတွေနဲ့ ကြံ့ခိုင်ရေးပါတီရုံးကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒီဇင်ဘာ ၂၆ ရက် ည ၈ နာရီလောက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ PDF ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
ဆားလင်းကြီးမြို့ပေါ်ကို ရှိ စစ်ကောင်စီ ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်တာဟာ အခုအကြိမ်နဲ့ဆိုရင် ၈ ကြိမ်အထိ ရှိနေပြီလို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဆားလင်းကြီးမြို့နယ်မှ တွေ့ရာသင်္ချိုင်းဓားမဆိုင်းအဖွဲ့ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က “ပစ်တာက ၆၀ မမ လေးလက်၊ ၈၀ မမ ငါးလက်၊ ၁၂၀ မမ နှစ်လက်နဲ့ ကျည်အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဗျ။ ရဲစခန်းအတွင်း ၃ လုံးထက်မနည်း ကျရောက်တယ်။ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ မြို့နယ်တရားရုံးအတွင်းလည်း ကျရောက် ပေါက်ကွဲတယ်လို့ ဒီနေ့မနက်ခင်းမှာ ဒေသခံတွေဆီက သိထားရတယ်။ စစ်(--)တွေရဲ့ အသေစာရင်းကတော့ မသိရသေးဘူးဗျ။ သူတို့ဘက်ကလည်း ၄၀ မမဗုံးသီး၊ G-3၊ G4 စတဲ့ လက်နက်တွေနဲ့ ၂ ကြိမ် ပြန်လည်ပစ်ခတ်တာတွေလည်း ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဓားမဆိုင်းတပ်မတော် (D.M.S.A) ယင်းမာပင်ခရိုင် တပ်ရင်း-၂၈၊ တပ်ခွဲ-၂၊ တပ်ခွဲ-၃၊ တပ်ခွဲ-၄၊ တပ်ခွဲ-၅ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။