ပဲခူးတိုင်း၊ အင်းတကော်မြို့မှာ ဒီဇင်ဘာ ၂၇ ရက် ဒီနေ့မနက်က ရပ်ထားတဲ့ ၂၂ ဘီးယာဥ်ကို ခရီးသည်တင်ယာဥ်တစီးက ဝင်တိုက်ခဲ့ပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်းတကော်မြို့ သာယာအေးကျေးရွာအနီးမှာ ဒီနေ့မနက် ၁၀ နာရီခွဲက ကမ္ဘာကျော် ခရီးသည်တင်ယာဥ်ဟာ ဆိုင်ကယ်တစီးကို ရှောင်ရာကနေ ရပ်ထားတဲ့ ၂၂ ဘီးယာဥ်ကို တိုက်မိကာ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက် သေဆုံးပြီး ခရီးသည်နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဆိုင်ကယ်က အရှေ့ကနေမောင်းတော့ တိုက်မိမှာစိုးလို့ ရှောင်လိုက်တာ အရှိန်လွန်ပြီး ရပ်ထားတဲ့ ၂၂ ဘီးကားကို သွားတိုက်တာ၊ ယာဥ်မောင်းရော စပယ်ယာရော သေသွားတယ်။ ခရီးသည်နှစ်ဦးလည်း ဒဏ်ရာရသွားတယ်။”
သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ရွှေစင်လူမှုကူညီရေးအသင်းက လူနာတင်ယာဥ်နဲ့ ပဲခူးမြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ယာဥ်မောင်းက လှည်းကူး သနပ်ပြင်ကျေးရွာက၊ စပယ်ယာက အရှေ့ဒဂုံ ရှမ်းတဲကြီးကပါ။ ဒဏ်ရာရတဲ့သူနှစ်ဦးက အခြေအနေ မစိုးရိမ်ရဘူး။”
သေဆုံးသူမှာ ကမ္ဘာကျော်ခရီးသည်ယာဉ်မောင်းဖြစ်သူ ကိုကျော်မျိုးဇော်ဖြစ်ပြီး လှည်းကူးမြို့ သနပ်ပြင်ကျေးရွာမှာ နေထိုင်သူဖြစ်ကာ ယာဥ်နောက်လိုက် ဦးသန်းလွင်ကတော့ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ရှမ်းတဲကြီးကျေးရွာမှာ နေသူဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လတ်တလောမှာ အဆိုပါယာဥ်တိုက်မှုနဲ့ပတ်သက်ပြီး အင်းတကော်မြို့မရဲစန်းက စစ်ဆေးနေပါတယ်။