ရန်ကုန်၊ လမ်းမတော်မြို့နယ်၊ စဉ့်အိုးတန်းဆိပ်ကမ်း အမှတ် ၂ ဘောတံတားအနီးမှာ ဒီဇင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းက အမျိုးသားတဦးရဲ့အလောင်းကို တွေ့ခဲ့တယ်လို့ ဆိပ်ကမ်းအနီး နေထိုင်သူတွေဆီက သိရပါတယ်။
စဉ့်အိုးတန်းဆိပ်ကမ်း အမှတ် ၂ ဘောတံတားမှာ အလုပ်လုပ်နေသူ အသက် ၄၀ ကျော်အရွယ် အမျိုးသားတဦး ဒီဇင်ဘာ ၂၁ ရက်က ရေထဲပြုတ်ကျခဲ့တာဖြစ်ပြီး မနေ့က ပြန်လည်တွေ့ရှိခဲ့တာလို့ ဆိပ်ကမ်းအနီးနေထိုင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ပြုတ်ကျသွားတာ လေးရက်ရှိပြီ။ မနေ့ကမှ ပြန်တွေ့တာ။ ကျတဲ့နေ့က သူက အရက်မူးနေတာ။ ဘယ်မှာနေတယ်ဆိုတာတော့ မသိဘူး။”
သေဆုံးသူ အမျိုးသားကို လင်းလက် လူမှုကူညီရေးအသင်းက လူနာတင်ယာဥ်နဲ့ သယ်ဆောင်ကာ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ ဆိပ်ကမ်းမှာ နေထိုင်သူတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်း မြို့နယ်တချို့က မြစ်ချောင်းတွေမှာ ပြီးခဲ့တဲ့လတွေက သေဆုံးနေတဲ့ အမျိုးသား၊ အမျိုးသမီးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တာ ၇ ဦးရှိပြီဖြစ်တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။