ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မယ့်အိုင်းနဲ့ ချင်းဒေါင်းမြို့နယ် မြန်မာနယ်စပ်အနီးမှာ အိုက်စ်မူးယစ်ဆေး ၇၂ ကီလိုဂရမ်နဲ့ စိတ်ကြွဆေးပြား ၃ သိန်းနီးပါး ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီခွဲလောက်က ထိုင်းကွန်မန်ဒိုနဲ့ သံချပ်ကာ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ မယ့်အိုင်းမြို့နယ်ထဲမှာ နယ်စပ်လုံခြုံရေးဆောင်ရွက်နေစဉ် ဘန့်နားမအင့်ကျေးရွာအနီး မြန်မာနယ်စပ်နဲ့ ၁ ကီလိုခန့်အကွာတောလမ်းကနေ အထုတ်ကိုယ်စီထမ်းပြီး ဝင်ရောက်လာတဲ့ လူတစုကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာမှာ တဘက်က စတင်ပစ်ခတ်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှု ၅ မိနစ်ကြာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်အသံတွေငြိမ်သွားလို့ နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ မြွေရေခွံအိတ် ၃ လုံးနဲ့ ပြောင်းရှည်သေနတ် ၁ လက်၊ ၂၅ ရက်မှာ နောက်ထပ် အိတ် ၃ လုံး တွေ့ရှိပြီး အထဲမှာတော့ အိုက်စ်မူးယစ်ဆေးအလေးချိန် စုစုပေါင်း ၇၂ ကီလိုဂရမ် သိမ်းဆည်းမိခဲ့ပါတယ်။
ဒီဇင်ဘာ ၂၄ ရက်မှာပဲ ညနေ ၆ နာရီခွဲလောက်မှာ စစ်တပ်နဲ့ ရဲ ပါတဲ့ပူးပေါင်းအဖွဲ့တွေဟာ ချင်းဒေါင်းမြို့နယ် မိုင်းနာ့အုပ်စု ဘန့်လိမ်းလုံရွာနားမှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ် ဟိုင်းလပ်စ်ကား ၁ စီးပေါ်ကနေ စိတ်ကြွဆေးပြား ၂၉၆၀၀၀ ပြားကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းသူမှာ အသက် ၂၁ နှစ်ရွယ် ထိုင်းလူငယ် ၁ ဦးဖြစ်ပြီး မူးယစ်ဆေးတွေကို ကားနောက်ခန်း ရေခဲပုံးအပြာရောင်ထဲမှာ ထည့်လာတာ ဖြစ်ပါတယ်။
သူဟာ မူးယစ်ဆေးတွေကို အခကြေးငွေ ဘတ် ၃ သိန်းနဲ့ သယ်ဆောင်ပေးဖို့ တယ်လီဖုန်းနဲ့ အဆက်အသွယ်ရခဲ့ကြောင်း၊ စေခိုင်းသူက အဆိုပါမူးယစ်ဆေးတွေကို မိုင်းနာ့အုပ်စု ကျေ့ကျန်ကျေးရွာအပြင်ဘက် လမ်းဘေးမှာ လာချထားပေးပြီး မဲ့တိုင်မြို့ထိ သယ်ဆောင်သွားစဉ် ခုလိုဖမ်းဆီးခံရတာလို့ ဝန်ခံသွားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ မယ့်အိုင်းမြို့နယ်နဲ့ ချင်းဒေါင်းမြို့နယ်ဟာ မြန်မာပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်နဲ့ ကပ်လျက်တည်ရှိပါတယ်တယ်။