Home
မြန်မာသတင်း
ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ဦးဟံသာညိန်းကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်ထပ်ချ
DVB
·
December 26, 2022
U Han Tha Nyein

ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ အယ်ဒီတာချုပ် ဦးဟံသာညိန်းကို အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃ (က) နဲ့ စစ်ကောင်စီရဲ့ အင်းစိန်ထောင်တွင်းအထူးတရားရုံးကနေ ဒီဇင်ဘာ ၂၆ ရက်မှာ  ထောင်ဒဏ်  ၅ နှစ်ထပ်မံချလိုက်တယ်လို့ သူ့ရဲ့ မိသားစုနဲ့ ရှေ့နေဆီကနေ သိရပါတယ်။

ဦးဟံသာညိန်းကို ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (က) အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး ဒီနေ့မှာ နောက်ထပ်ထောင်ဒဏ် ၅ နှစ် အပြီးသတ်အမိန့်ချမှတ်ခဲ့တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံထားရတာဖြစ်ပါတယ်။

ဦးဟံသာညိန်းရဲ့ မိသားစုဝင်တယောက်က  “ကျမတို့မိသားစုလည်း ကျမတို့အစ်ကိုနဲ့အတူတူ ရဲရဲရင့်ရင့် ရင်ဆိုင်ဖြတ်သန်းနေကြပါတယ်။ မျှော်လင့်ထားပြီးသား ကိစ္စကြီးလည်း ဖြစ်တယ်။ တွက်ဆထားပြီးသားဖြစ်တဲ့အတွက်တော့ ထောင်ချခံရတဲ့ အစ်ကိုရော ကျမတို့ မိသားစုတွေရော ရင်ဆိုင်ဖြတ်သန်းကြပါမယ်” လို့ ပြောပါတယ်။

မနေ့က ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာ အသက် ၄၁ နှစ်ပြည့်သွားတဲ့ အယ်ဒီတာချုပ် ဦးဟံသာညိန်းဟာ သူ့ရဲ့ မွေးနေ့ကို အကျဉ်းထောင်ထဲမှာပဲ ဖြတ်သန်းခဲ့ရတာ ၂ နှစ်ရှိလာပါပြီ။

ရန်ကုန်အခြေစိုက် အွန်လိုင်းမီဒီယာတခုဖြစ်တဲ့ ကမာရွတ်မီဒီယာရုံးကို ၂ဝ၂၁ ခုနှစ်၊ မတ်လဆန်းပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းချိန် ကမာရွတ်မီဒီယာတည်ထောင်သူ ဦးနေသန်‌မောင်နဲ့အတူ ပူးတွဲတည်ထောင်သူ အယ်ဒီတာချုပ် ဦးဟံသာညိန်းလည်း  ဖမ်းဆီးခံလိုက်ရတာပါ။

စစ်ကောင်စီဘက်က အမေရိကန်နိုင်ငံသားခံယူထားသူ ဦးနေသန်မောင်ကို စွဲဆိုထားတဲ့အမှုကို ပြန်ရုပ်သိမ်းပြီး အမေရိကန်နိုင်ငံကို ပြန်ပို့ခဲ့ပါတယ်၊ သူတို့နှစ်ဦးဟာ စစ်ကြောရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ရင်ဆိုင်ခဲ့ရကြောင်း ပြန်လွတ်လာတဲ့ ဦးနေသန်မောင်က မီဒီယာတွေကို ဖြေဆိုခဲ့ပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရဲ့အကြိမ် ၃ဝ မြောက် နှစ်ပတ်လည်စာနယ်ဇင်းလွတ်လပ်ခွင့်ဆုအတွက် ကမ္ဘာတစ်ဝန်းက အဆိုပြုခံရသူ သတင်းထောက် ၁၅ ဦးနဲ့ သတင်းမီဒီယာတွေစာရင်းကို RSF က နိုဝင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ရာမှာ ဦးဟံသာညိန်းလည်း ပါဝင်ခဲ့ပါတယ်။

ဦးဟံသာညိန်းဟာ RSF ရဲ့သူရသတ္တိဆု ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပြီး အကျင့်ပျက် ခြစားမှု၊ ဖိနှိပ်တဲ့အစိုးရတွေကို ထိန်းချုပ်ရေးအားထုတ်မှုတွေအတွက် အဆိုပြုခံခဲ့ရတာ ဖြစ်တယ်လို့လည်း RSF က ဖော်ပြပါတယ်။

သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှုအဆိုးဝါးဆုံး ကမ္ဘာ့နိုင်ငံတွေအထဲ မြန်မာနိုင်ငံဟာ ထိပ်သီးနိုင်ငံတခု ဖြစ်လာပြီး အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်အထိ ဖမ်းဆီးခံရတဲ့ သတင်းသမား ၁၅၄ ယောက်ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013