တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ကားလမ်း တနေရာမှာ ခရီးသည်တင်ကားနဲ့ လိုက်ပါလာတဲ့ အကျဉ်းထောင်ဦးစီးမှူးကို ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီလောက် ဖမ်းဆီးရမိတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။
ဖမ်းဆီးခံတဲ့ အကျဉ်းထောင်ဦးစီးမှူးဟာ သီဟစိုးဖြစ်ပြီး ကော့သောင်းခရိုင် ၉ မိုင်ရွာ ရှိ ကော့သောင်းအကျဥ်းထောင်ကဖြစ်ကာ စစ်ဆေးရမှာဖြစ်လို့ လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထား တယ်လို့လည်း ဆိုပါတယ်။
စစ်ဆေးရေးမှာပါတဲ့ ရဲဘော် တဦးက "ခရီးသွားကားနဲ့ လိုက်လာတာ။ ကျန်တဲ့သူတွေရော၊ ကားတွေရော လွှတ်ပေးလိုက်ပြီ။ အကျဉ်းဦးစီးမှူး တဦးပဲ ဖမ်းခဲ့တာ"လို့ ပြောပါတယ်။
အကျဉ်းဦးစီးမှူး သီဟစိုးနဲ့အအတူ ငွေကျပ် ၁၇ သိန်းနဲ့ ဖုန်း ၁ လုံး ပါပါလာပြီး သူ့ကို လုံခြုံတဲ့နေရာမှာ သိမ်းဆည်းထားတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တနင်္သာရီတိုင်း မြိတ်-ထားဝယ်ကားလမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ဆေးလေ့ရှိတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ စစ်ဆေးမှုမှာပူးပေါင်းပါဝင် ကူညီဖို့ တောင်းဆိုထား ပါတယ်။