စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ ဒီဇင်ဘာ ၂၃ ရက် နေ့လယ် ၁ နာရီကျော်လောက်က စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ် ၃ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပါတယ်။
ပျံကျကျေးရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကြည်ဘုရားထွက် ကျေးရွာမှာရှိတဲ့ ကလေးငယ် ၃ ယောက် ကျည်ထိမှန်ခဲ့ပြီး ၁ ယောက် စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက "ကလေးမလေး တဦးကတော့ ဗိုက်ပေါက်ထွက်သွားတာ အတော်စိုးရိမ်ရတယ်။ ကျန်နှစ်ဦးကတော့ လက်တွေ၊ ကျောကုန်းတွေနဲ့ ခြေထောက်တွေ ထိခိုက်သွားတယ် "လို့ ပြောပါတယ်။
လက်နက်ကြီးကြောင့် အသက် ၁၁ နှစ်အရွယ် မသိမ့်ရတနာစိုးဟာ ဝမ်းဗိုက်ကျည်ထိမှန် ဒဏ်ရာရကာ စိုးရိမ်ရတဲ့အနေအထားရှိပြီး အသက် ၁၄ နှစ်အရွယ် မောင်အောင်ငွေဖြိုးကတော့ နောက်ကျောနဲ့ ဒူးခေါင်းတွေမှာ ဒဏ်ရာရှိခဲ့ကာ တခြား ကလေးငယ် တယောက်ကတော့ လက်နဲ့ ခြေထောက်တွေမှာ ဒဏ်ရာ အနည်းငယ်ရခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်က ပျံကျကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာကို မီးရှို့ခဲ့လို့ နေအိမ် ၃၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
ထီးချိုင့်မြို့နယ် ကျက်သရေချောင်ရွာနားမှာ ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းက ပေါက်ကုန်းရွာနေသူ ၂ ယောက်ရဲ့ အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ သေဆုံးသူတွေနဲ့ ဆွေမျိုးတော်သူက ပြောပါတယ်။
ဒီဇင်ဘာ ၁၆ ရက်က စစ်ကောင်စီတပ်ဟာ ပေါက်ကုန်းရွာထဲ ဝင်ကာ ဦးဝင်လှိုင် ၄၉ နှစ်နဲ့ ညီညီအောင် ၁၆ နှစ်ကို လမ်းပြခေါ်သွားပြီး သတ်ထားခဲ့တာဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီက KIAအဖွဲ့တွေ ရှိတယ်ဆိုပြီး နိုဝင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၈ ရက်အထိ စစ်ကြောင်းတွေ ဖြန့်ခွဲဝင်ရောက်ရှာဖွေကာ ကျေးရွာတွေကို မီးရှို့ခဲ့တာ ကြောင့် ကျေးရွာ ၁၈ ရွာက အိမ်ခြေ ၆၇၀ ကျော်နဲ့ လယ်ယာသုံး စက်ကိရိယာများနဲ့ စပါးကျည် အများအပြားမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။