တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်၊ နိဂြောဓလမ်းမှာလုပ်တဲ့ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲစျေးမှာ ဒီဇင်ဘာ ၂၃ ရက် ည ၉ နာရီက ဗုံးပေါက်ကွဲခဲ့ရာ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
"ဗုံးပေါက်တော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာ၊ အကုန်လုံးလန့်ပြီး ပြေးတာ။ အလှူခံစားနေတဲ့ သားအမိ နှစ်ယောက်ထိတယ်၊ အရမ်းတော့ မစိုးရိမ်ရဘူး။ ပရဟိတအဖွဲ့တွေက ဆေးရုံကို ခေါ်သွား တယ်" လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ် နဲ့ တာမွေမြို့မရဲစခန်းမှ ရဲတွေ ရောက်လာပြီး ဒဏ်ရာရသူ အမျိုးသမီးကို ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"အမျိုးသမီးထိတာပါ။ တောင်းရမ်းစားသောက်နေသူဆိုတော့ လမ်းဘေးမှာတွေ့တဲ့ အိတ်အမဲကို ကောက်ပြီး ဖွင့်ကြည့်လိုက်တာ ဗုံးပေါက်တာ လက်ချောင်းတချို့ပြတ်သွားတယ်။"
ဒဏ်ရာရရှိတဲ့ အမျိုးသမီးကို လူနာတင်ယာဥ်နဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး စစ်ကောင်စီက ကျားကွက်သစ်ရပ်ကွက်အတွင်း စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရ ပါတယ်။
နိဂြောဓလမ်းမှာ ပြုလုပ်တဲ့ နှစ်ကျိပ်ရှစ်ဆူပွဲဟာ ပုံမှန်အစဉ်အလာအတိုင်း ၁ ပတ်ကျော် ၂ ပတ်နီးပါးအထိ ကျင်းပခဲ့လေ့ရှိပြီး ကိုဗစ်ကာလနဲ့ နိုင်ငံရေးအခြေအနေကြောင့် မကျင်းပဖြစ်ခဲ့ ပေမဲ့ ဒီနှစ်မှာတော့ ပထမဆုံး ပြန်ကျင်းပတာပါ။
ဒီဇင်ဘာ ၁၈ ရက် ညကလည်း ရန်ကုန်-ဒလ ပြေးဆွဲနေတဲ့ ချယ်ရီအမှတ်-၂ ခရီးသည်တင် ရေယာဉ်ပေါ်မှာ ပေါက်ကွဲတာကြောင့် ၁၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုကြောင့် ၇ ဦး သေဆုံးပြီး ၂၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။