Home
အနုပညာ
ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်ချမှတ်
DVB
·
December 23, 2022
Thin Zar Wint Kyaw

ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ဒီဇင်ဘာ ၂၃ ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ  ပုဒ်မ ၃၃ (က)နဲ့ ထောင်ဒဏ် ၅ နှစ်ချလိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

"သတင်းကမှန်ပါတယ်။ ဒီနေ့ပဲ အထူးတရားရုံးကနေ ထောင်ဒဏ် ငါးနှစ်ချလိုက်တာပါ"လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်နဲ့ Sexy မော်ဒယ် နန်းမွေစံတို့ကို မြန်မာအမျိုးသမီးများ စောင့်ထိန်းအပ်တဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ လိင်အသားပေးဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေးငွေယူ ဖြန့်ဝေခဲ့မှုနဲ့ စစ်ကောင်စီက စွပ်စွဲပြီး သြဂုတ် ၅ ရက်နေ့က အီလက်ထရောနစ်ဥပဒေနဲ့ အရေးယူခဲ့ကာ အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မင်းသမီး သင်ဇာဝင့်ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်ကလည်း ရှမ်းပြည်တပ်မတော် (SSPP/SSA) ဝမ်ဟိုင်းဌာနချုပ်ကို သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ရုပ်သံရိုက်ကူးပြီး အပြန်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းတာ ခံခဲ့ရဖူးပါတယ်။

အီလက်ထရောနစ်အက်ဥပဒေပုဒ်မ ၃၃ နဲ့ တရားစွဲဆိုခံ ထားရတဲ့ မော်ဒယ်လ်နန်းမွေးစံကိုလည်း ပြီးခဲ့တဲ့  စက်တင်ဘာ ၂၇ ရက်က ထောင်ဒဏ် ၆နှစ် ချမှတ်ခဲ့ပါတယ်။

သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့နှစ်ယောက်ဟာ အာဏာသိမ်းစစ်ကောင်စီဘက်က မရပ်တည်ဘဲ ပြည်သူဘက်က ရပ်တည်ခဲ့လို့ အခုလို အကွက်ချ ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုသူ အနုပညာရှင်တယောက်က ဒီဗွီဘီကို ပြောဆိုထားဖူးပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024