နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက် V4 လမ်းဆုံရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော် - ပ.က.ဖ က ဒီဇင်ဘာ ၂၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သား ၁၀ ဦးဝန်းကျင်ရှိတဲ့ V4 လမ်းဆုံက စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၁၉ ရက် မနက် ၁၀ နာရီခွဲက လက်ပစ်ဗုံး ၁ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့ပြီး ထိခိုက်မှုအခြေအနေတွေကိုတော့ မသိရသေးဘူးလို့ နေပြည်တော် - ပ.က.ဖ က ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ ) နဲ့ လယ်ဝေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်ကလည်း လယ်ဝေးမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ မီးပွိုင့်ဂိတ်တဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မျှားခေါ်တဲ့အနေနဲ့ ဗုံး ၁ လုံး ဖောက်ခွဲခဲ့ပါသေးတယ်။