ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွှေတောင်ရွာသား နှစ်ယောက် ဒီဇင်ဘာ ၁၈ ရက်က ရွာနားက တောင်မှာ ဝါးသွားခုတ်သွားရာကနေ ပြန်ရောက်မလာဘဲ ပျောက်ဆုံးနေတယ်လို့ ရွာသားတွေနဲ့ နီးစပ်တဲ့ သုံးမိုင် ဆရာတော်က မိန့်ပါတယ်။
ပျောက်ဆုံးနေတဲ့ အသက် ၃၀ အရွယ် ကိုဘသန်းနဲ့ ကိုသိန်းထွန်းတို့ကို လူအင်အားနဲ့ ရှာဖွေနေကြပြီး သူတို့ရဲ့ ဖိနပ်နဲ့ အင်္ကျီတွေကိုသာ ရှာဖွေတွေ့ ရှိသေးတယ်လို့ သုံးမိုင်ဆရာတော်က ဆက်လက်မိန့်ပါတယ်။
"ဒီနေ့ မနက်ပိုင်း သူတို့ နှစ်ဦးရဲ့ ဖိနပ်တွေနဲ့ ပခုံးမှာ တင်ပြီးပါသွားတဲ့ အင်္ကျီတွေကိုတော့ တွေ့ထား ပြီးလို့ သိရတယ်။ လူတွေကိုတော့ မတွေ့သေးဘူး။ အဲဒီနားမှာ မွတ်ဆလင် နှစ်ယောက်ကိုလည်း တွေ့တာကြောင့် လောလောဆယ်သူတို့ကို ထိန်းသိမ်းထားတယ်။ ရှာဖွေတာကတော့ လုပ် နေတုန်းပဲ။ သူတို့ နှစ်ယောက်က မနေ့ ညနေက အိမ်မှာ ခြံကာဖို့ ရွာအရှေ့ဘက်တောင်မှာ ဝါးသွားခုတ်ကြတာမှာ အခုလို ပျောက်ဆုံးသွားကြတာ" လို့ မိန့်ဆိုပါတယ်။
ဇူလိုင်လတုန်းကလည်း မောင်တောမြို့နယ်မှာ ကျောင်းအုပ်ဆရာ တယောက်နဲ့ ဆရာမ တယောက်ကို လက်နက်ကိုင် တဖွဲ့က ပြန်ပေးဆွဲခဲ့ကြပါတယ်။
မောင်တောမြို့နယ်မှာ အရင်ကလည်း ဒေသခံတိုင်းရင်းသားတွေ တောင်ယာတွေထဲမှာ ပျောက်ဆုံး သတ်ဖြတ်ခံရတာတွေ ရှိခဲ့ကြပါတယ်။