ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်မှာ PDF တပ်ဖွဲ့တွေ လျှို့ဝှက်သယ်ဆောင်လာတဲ့ Type-81 အမျိုးအစားလက်နက် ၄၉၉ လက်၊ ကျည်အိမ် ၄၉၈ ခုနဲ့ တခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စုအနီး လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဆော်တောကျေးရွာရဲ့ အရှေ့ဘက် ၂ မိုင်ခန့်အကွာမှာ လုံခြုံရေး ဆောင်ရွက်နေစဉ် ဒီဇင်ဘာ ၁၇ ရက်မနက် ၉ နာရီလောက်မှာ ပင်လုံမြို့၊ ဆနင်းကျေးရွာဘက်မှ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာဘက်သို့ မောင်းနှင်လာတဲ့ ဒိုင်နာ ၆ ဘီးကား ၁ စီးကို မသင်္ကာဖွယ် တွေ့ရှိလို့ ရပ်တန့်စေခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမဲ့ ကားရပ်မပေးဘဲ မောင်းနှင်ထွက်ပြေးသွားလို့ လိုက်လံဖမ်းဆီးခဲ့ရပြီး မော်တော်ယာဉ်မှာ ရပ်တန့်သွားပေမဲ့ ကားပေါ်ပါလာသူတွေ ထွက်ပြေးလွတ်မြောက်သွားကာ အဆိုပါကားပေါ်မှာ လျှို့ဝှက်သယ်ဆောင်လာတဲ့ လက်နက်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီ သတင်းမှာ ဖော်ပြပါတယ်။
ဒေသခံတိုင်းရင်းသားပြည်သူများတွေရဲ့ လျှို့ဝှက်သတင်းပေးပို့ချက်အရ အခုလို လက်နက်တွေဖမ်းမိတာလို့ စစ်ကောင်စီကဆိုပါတယ်။ ဒါပေမဲ့ သေနတ်သယ်ဆောင်လာသူတွေကိုတော့ တစ်ယောက်မှဖမ်မိခြင်းမရှိဘဲ PDF တွေရဲ့လက်နက်ဖြစ်တယ်ဆိုတာ ဘယ်လိုသိရှိခဲ့ရတယ်ဆိုတာကိုတော့ စစ်ကောင်စီက ပြောမထားပါဘူး။
အဆိုပါလက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး PDF တွေဘက်လည်း အတည်ပြု နိုင်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာအနီး တပ်မတော်စစ်ကြောင်းတွေက လေကြောင်းချီစစ်ဆင်တိုက်ခိုက်ရာမှာ PDF အလောင်းတွေနဲ့ လက်နက်၊ ခဲယမ်းတွေ၊ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ကောင်စီ က သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်သလို တအောင်းတပ်မတော်ရဲ့ လက်နက်တွေနဲ့ NUG-PDF လက်နက်ပစ္စည်းတွေ သိမ်းဆည်းခံရတာနဲ့ ဆုံးရှုံးပျက်စီးတာတွေ မရှိဘူးလို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)က ဒီဇင်ဘာ ၁၈ ရက်က ပြန်လည်တုံ့ပြန် ကြေညာထားပါတယ်။
Photo-DSINFO