မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗျည်းဘရွာကို ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေပါတဲ့ စစ်ကြောင်းက ပြည်သူတချို့ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် အိမ်ခြေ ၃၀၀ ကျော်လောက်က ပြည်သူတွေဟာ အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဗျည်းဘ ကျေးရွာဒေသခံတဦးက ပြောပါတယ်။
ရွာသူရွာသားတွေဟာ ဘေးလွတ်ရာတောတောင်တွေထဲမှာ ဖြစ်သလိုနေထိုင်ကြရပြီး စားနပ်ရိက္ခာနဲ့ သောက်ရေ အလုံအလောက်ပါမလာတာကြောင့် ရှိတာလေးနဲ့ မျှဝေစားသောက်နေရပြီး အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းဟာ ရွာထဲက နေအိမ်တွေကို စိတ်ကြိုက်မွှေနှောက်ပြီး ပြည်သူတွေ ပိုင်ဆိုင်တဲ့ ရွှေငွေနဲ့ပစ္စည်း ဥစ္စာတွေနဲ့ ကား ၃ စီးကို ခိုးယူနေကြတယ်လို့ ဒေသခံက ဆိုပါတယ်။
ဗျည်းဘကျေးရွာကို ဇူလိုင် ၂ ရက်ကလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၆၁ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။