ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ ဒီဇင်ဘာ ၁၆ ရက်က ခမရ ၂၇၄ က စစ်ကောင်စီ တပ်သား တယောက် လက်နက်ခဲယမ်း အပြည့်စုံနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး CDM ပြုလုပ်ခဲ့တယ်လို့ CDF-မင်းတပ်က သိရပါတယ်။
စစ်ကောင်စီတပ်သား မျိုးသက်ပိုင်ဟာ စစ်အာဏာရှင်လက်အောက်မှာ တာဝန်ထမ်းဆောင် လိုစိတ် မရှိတော့တာကြောင့် ဒီဇင်ဘာ ၁၆ ရက်မှာ CDF-မင်းတပ်ကို ဆက်သွယ်ပြီး CDM ပြုလုပ်ခဲ့တယ်လို့ CDF-မင်းတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွမ်က ဆိုပါတယ်။
အဲဒီစစ်ကောင်စီတပ်သားဟာ MA-1 သေနတ်တလက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆန် ၆၅ တောင့်၊ ကျည်ကာဝတ်စုံတခုနဲ့အတူ CDM ပြုလုပ်ခဲ့တာကြောင့် CDF-မင်းတပ်က ဂုဏ်ပြုဆု ငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေ တပ်တွင်း ဖိနှိပ်မှုခံ နေရသလို စစ်အာဏာရှင်စနစ်ဆိုးရဲ့ ဆိုးကျိုးရလဒ်တွေကို ကြုံတွေ့နေရတာကြောင့် သူတို့ရဲ့ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင် လိုစိတ်မရှိတော့တဲ့အတွက် ပြည်သူ့ရင်ခွင်ခိုလှုံလာတာလို့ အဲဒီရဲဘော်က ပြောကြောင်း ဆလိုင်းဟာအွမ်က ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ် သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။