ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆဲဇာန်ကျေးရွာမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား ဒီဇင်ဘာ ၁၆ ရက် မနက် ၁၁ နာရီခွဲလောက်က တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ PDF - Zoland မှ တာဝန်ရှိသူ တဦးက ပြောပါတယ်။
တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ မှ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက ဆဲဇာန်ကျေးရွာကို ရောက်ရှိလာပြီး စာသင်ကျောင်းအတွင်း ညအိပ်စခန်းချ တပ်စွဲထားရာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDF - Zoland နဲ့ CDF - CDM Siyin တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
PDF - Zoland မှ တာဝန်ရှိသူက "အဲဒီနေရာကို သွားတိုက်ခိုက်တာပါ။ စကစဘက်က ထိခိုက်သေဆုံးမှုများတယ်လို့တော့ သိထားတယ်။ အရေတွက်အတိကျတော့ မသိရသေးဘူး။ ကျနော်တို့ဘက်က တပ်ဖွဲ့ဝင် တယောက်လည်း လက်နက်ကြီးအပိုင်းစထိထားတယ်။ စိုးရိမ်ဒဏ်ရာတော့ မဟုတ်ပါဘူး"လို့ ဆိုပါတယ်။
တိုက်ပွဲ ၂ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က တီးတိန်မြို့ရှိ အထိန်စခန်းဘက်ကို ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။
ဆဲဇာန်ကျေးရွာဟာ တီးတိန် - ကလေးလမ်းဘေးမှာတည်ရှိပြီး တီးတိန်မြို့နဲ့ ၁၀ ဖာလုံခန့်သာ ကွာဝေးပါတယ်။