ဆိုရှယ်မီဒီယာ
မြန်မာနိုင်ငံမှာ အများဆုံးအသုံးပြုတဲ့ ဆိုရှယ်မီဒီယာကို ပြပါဆိုရင် ဖေ့စ်ဘွတ်ခ်ကို ပြရမှာပါ။ မြန်မာ့လူဦးရေ တဝက်နီးပါး ဖေ့စ်ဘွတ်ခ်သုံးစွဲကြကြောင်း စစ်တမ်းတွေအရ ဖော်ပြကြတယ်။ လက်ရှိကာလမှာတော့ စစ်အုပ်စုရဲ့ တားဆီးပိတ်ပင်မှု အမျိုးမျိုးကြောင့် ၁၉ သန်းလောက်ပဲ သုံးစွဲနိုင်တော့တယ်လို့ ဆိုပါတယ်။ အကြောင်းအရင်းအမျိုးမျိုးနဲ့ သုံးစွဲကြတဲ့အနက် ဒီကာလမှာတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပိုအသုံးပြုလာကြတာကို တွေ့နိုင်ပါတယ်။
အာဏာစသိမ်းကတည်းက နိုင်ငံရေးသတင်းတွေ ဖတ်ဖို့၊ မျှဝေဖို့၊ ပြောဆိုဝေဖန်သုံးသပ်ကြဖို့၊ နှိုးဆော်တိုက်တွန်းကြဖို့ ဆိုတဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေနဲ့ အများဆုံး သုံးစွဲလာကြတာပဲ ဖြစ်ပါတယ်။
ကောင်း ဆိုး နှစ်တန်
အဲဒီလို ဖေ့စ်ဘွတ်ခ်ကို အသုံးပြုပြီး နိုင်ငံရေးလုပ်ဆောင်ကြရာမှာ ကောင်းကျိုးတွေလည်း ရရှိခဲ့ပါတယ်။ သာဓကဆောင်ရရင် ဆန္ဒပြကာလတွေကို ကြည့်ပါ။ ဘယ်နေရာမှာ ဖြိုခွင်းနေပါပြီ၊ ပစ်ခတ်နေပါပြီ၊ ရှောင်ကြပါဆိုပြီး ဖေ့စ်ဘွတ်ခ်ပေါ် တင်လိုက်တာနဲ့ ဆန္ဒပြသူတွေဟာ သတင်းရရှိပြီး ချက်ချင်း ရှောင်ကွင်းနိုင်ခဲ့ပါတယ်။ ဒီလိုပဲ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ဓာတ်ပုံ (သို့မဟုတ်) ဗွီဒီယိုမှတ်တမ်းယူပြီး လိုင်းပေါ်တင်လိုက်တဲ့ အခါမှာလည်း စစ်အုပ်စုရဲ့ ယုတ်မာကောက်ကျစ်မှုတွေကို ဖန်သားပြင်ကတဆင့် သိရှိခွင့် ရခဲ့ကြပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ သပ်လျှိုသွေးခွဲမှုတွေ၊ ဆိုက်ဝါးတွေဆိုလည်း အတွေ့အကြုံရှိတဲ့သူ၊ အမြော်အမြင်ရှိတဲ့သူတွေ၊ ပြည်သူ့သတင်းမီဒီယာတွေရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် တန်ပြန် တုံ့ပြန်မှုတွေကြောင့် စစ်အုပ်စုရဲ့ ဆိုက်ဝါးတွေဟာ ပြည်သူကြားမှာ ကြာကြာမနေရဲခဲ့ပါဘူး။ ဒါဟာ ယနေ့ခေတ် တော်လှန်ရေးရဲ့ အားသာချက်တွေထဲက တခုဖြစ်ပါတယ်။ ဟိုခေတ်တုန်းက… ၈၈ တုန်းကဆိုရင်တောင် ခုလို နည်းပညာအားမကောင်းခဲ့တော့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို သေသေချာချာ မှတ်တမ်းမတင်နိုင်ခဲ့သလို ပြည်သူတွေရဲ့ အကျအဆုံး အထိအခိုက် စာရင်းကိုတောင် အတိအကျ မှတ်တမ်းယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ၂၁ နဲ့ ၈၈ အဲဒီလို ကွာခြားခဲ့ပါတယ်။ ဒါတွေကတော့ နည်းပညာနဲ့အတူ ကပ်ပါလာတဲ့ သတင်းမီဒီယာ လူမှုကွန်ရက်တွေရဲ့ အားသာချက်တွေပါ။
ဒါပေမဲ့ အရာရာမှာ ကောင်း ဆိုး နှစ်တန် ဒွန်တွဲနေတာမို့ တခြားတဖက်ခြမ်းကိုလည်း ကြည့်ဖို့လိုပါတယ်။ တခြားတဖက်ခြမ်းဆိုတာ ဖေ့စ်ဘွတ်ခ်ဟာ၊ လူမှုကွန်ရက်တွေဟာ ကိုယ့်ဘက်ကအားနည်းချက် ဖြစ်လာနိုင်တယ်ဆိုတဲ့ အပိုင်းပါ။ တနည်း ရန်သူအတွက် အားသာချက်တခုပေါ့။ ဖေ့စ်ဘွတ်ခ်ဟာ ရန်သူအတွက် သတင်းရယူရာ၊ စုံစမ်းထောက်လှမ်းရာ နေရာကြီး ဖြစ်လို့လာနေပါတယ်။ ဟိုခေတ်တွေတုန်းက အရေးအခင်းတွေမှာ အခုလို နည်းပညာတွေ မဖွံ့ဖြိုးသေးတဲ့အတွက် တော်လှန်ရေးသတင်းရယူဖို့၊ စုံစမ်းထောက်လှမ်းဖို့ ဆိုရင် ရန်သူဟာ လူစည်ကားတဲ့ နေရာတွေမှာ သူ့ရဲ့ကင်းထောက်တွေ အသီးသီး ချထားရပါတယ်။ လက်ဖက်ရည်ဆိုင်၊ ကားဂိတ်၊ ဈေး စတဲ့နေရာတွေမှာ ထောက်လှမ်းရေးတွေ ခြေချင်းလိမ်ခဲ့ကြပါတယ်။ ဒါကြောင့် နေရာတိုင်းမှာ နားတွေရှိတယ်လို့တောင် ပြည်သူအချင်းချင်း သတိပေးခဲ့ကြရတာပေါ့။
အခုခေတ်မှာတော့ ရန်သူဟာ အဲဒီလို သတင်းနှိုက်ဖို့အတွက်၊ တော်လှန်ပြည်သူတွေကို ဖမ်းဆီးဖို့အတွက်ဆိုရင် ဖေ့စ်ဘွတ်ခ်လို ဆိုရှယ်မီဒီယာကတဆင့် ခြေရာခံလိုက်တဲ့ နည်းတွေကိုလည်း အသုံးပြုလာခဲ့ပါပြီ။ ဒီလိုခြေရာခံနိုင်အောင်လည်း ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေကို စောင့်ကြည့်ဖို့ဆိုကာ အဖွဲ့လိုက် စနစ်တကျ လုပ်ဆောင်လာကြတာပါ။ ဒီလို ဆိုရှယ်မီဒီယာတွေကတဆင့် ပြည်သူတွေကို ဖမ်းဆီးတာ၊ ခြိမ်းခြောက်ပြီး ငွေတောင်းခံမှုတွေလည်း ရှိလာပါတယ်။
ဒီဇင်ဘာ ၇ ရက် RFA သတင်းတရပ်အရဆိုရင် ၂၀၂၂ ခုနှစ်ရဲ့ ပထမ ၁၀ လအတွင်းမှာတင် ဆိုရှယ်မီဒီယာတွေက တဆင့် အာဏာရှင်ဆန့်ကျင်ရေးလုပ်လို့၊ NUG၊ PDF စတာတွေကို ထောက်ခံရေးသားလို့ဆိုပြီး အရေးယူခံထားရသူ ၈၀၀ ကျော်အထိ ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဒါဟာ နည်းပါးတဲ့ ပမာဏမဟုတ်ပါဘူး။ တော်လှန်ရေးအတွက် ကြီးမားတဲ့ဆုံးရှုံးမှုပါ။ ပြောရရင် မြေပြင်မှာ သူသေ ကိုယ်သေ တိုက်တာလည်းမဟုတ်၊ ငွေကြေးပမာဏ ထောက်ပံ့တာလည်း မဟုတ်ဘဲ လိုင်းပေါ်မှာ တင်ရုံလေးနဲ့တင် အဖမ်းခံရတယ်ဆိုတာ ဖမ်းခံရသူအတွက်လည်း နစ်နာသလို ဖမ်းခံလိုက်ရတာကလည်း မထိုက်တန်တဲ့ကိစ္စပါ။ ဆိုရရင် တော်လှန်ရေးအတွက် ဘာမှ ထိထိရောက်ရောက် မလုပ်လိုက်ရဘဲ ရန်သူ့လက်တွင်း ကျရောက်ခဲ့ရတာပဲ မဟုတ်ပါလား။ ဒါကြောင့် မထိုက်တန်ဘူး ဆိုရတာပါ။ တော်လှန်ရေးအတွက် အင်အားပြုန်းတီးမှုလို့ ပြောလိုက်ရတာပါ။
ဘယ်လိုဖြေရှင်းကြမလဲ
ဒါကြောင့် ဒီလို မတန်တဆ ပေးဆပ်လိုက်ရတာ၊ အင်အားပြုန်းတီးလိုက်ရတာတွေ နည်းပါးသွားအောင်လုပ်ဖို့ လိုအပ်ပါတယ်။ အရေးလည်းကြီးပါတယ်။ ဒါကြောင့် တော်လှန်ပြည်သူတွေ (အဓိကကတော့ ပြည်တွင်းမှာရှိပြီး လွတ်မြောက်နယ်မြေမှာလည်း မဟုတ်တဲ့ မြို့ပြနေပြည်သူတွေကို ရည်ညွှန်းပါတယ်) အနေနဲ့ မဆုံးရှုံးသင့်တာ မဆုံးရှုံးဖို့ ဆင်ခြင်ကြဖို့ အထူးလိုအပ်ပါတယ်။
ပြည်သူတွေအနေနဲ့ လက်ရှိကာလဟာ ဆန္ဒဖော်ထုတ်တဲ့အဆင့်ကို ကျော်လွန်ပြီး တော်လှန်ရေး လုပ်နေတဲ့ ကာလဆိုတာကို နားလည်ထားရမှာပါ။ ဆန္ဒဖော်ထုတ်တယ်၊ ဆန္ဒပြတယ်ဆိုတာ လမ်းပေါ်ထွက်လုပ်လို့ ရသလို ဖေ့စ်ဘွတ်ခ်ကနေလည်း ဖော်ထုတ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဓိကရည်ရွယ်ချက်က မိမိဆန္ဒကို အများသိလေလေ ပိုကောင်းလေလေ ဆိုတဲ့ အနေအထားတရပ်ပါ။ တနည်းဆိုရရင် စစ်အုပ်စုကို တောင်းဆိုတယ်လို့တောင် ပြောလို့ရတဲ့ အဆင့်ပေါ့။ ဒါပေမဲ့ လက်ရှိအချိန်ဟာ တိုက်ယူတဲ့အဆင့်ကို ရောက်ရှိသွားပါပြီ။ စစ်အုပ်စုဟာ တောင်းဆိုတိုင်း ရမယ့်အထဲ မပါခဲ့ပါဘူး။ ဒါကြောင့် အခုလို တော်လှန်ရေးကာလဖြစ်လို့ ဆန္ဒပြ တောင်းဆိုတုန်းကလို အရာရာကို ဖေ့စ်ဘွတ်ခ်ပေါ် တင်နေလို့ မဖြစ်တော့ပါဘူး။ တော်လှန်ရေးကိုယ်၌ကလည်း လျှို့ဝှက်သိုသိပ်မှုကို လိုလားတာပါ။ တောင်းဆိုတာပါ။ အကယ်လို့ ရန်သူသတင်း၊ လှုပ်ရှားမှုသတင်း တင်ချင်ရင်တောင် သတင်းမီဒီယာတွေ ရှိပါတယ်။ သူတို့ကို သတင်းပေးလိုက်တာက ကိုယ့်အတွက်လည်း လုံခြုံသလို ပြည်သူအများစုကြီးဆီကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သတင်းရောက်ရှိသွားပါတယ်။
ဆိုရှယ်မီဒီယာတွေရဲ့ ဆိုးကျိုးနဲ့ပတ်သက်ပြီး ရိုက်ထားတဲ့ Social Dilemma ဆိုတဲ့ မှတ်တမ်းရုပ်ရှင်လေး ရှိပါတယ်။ နာမည်ကြီး ဆိုရှယ်မီဒီယာတွေ၊ နည်းပညာကုမ္ပဏီတွေက ပညာရှင်တွေကို အင်တာဗျူးထားတာတွေပါ။ သူတို့ ဝေဖန်သုံးသပ်ကြတဲ့အထဲ ဆိုရှယ်မီဒီယာက သုံးစွဲသူတွေအပေါ် လွှမ်းမိုးသွားတဲ့ အချက်တချက် ရှိပါသတဲ့။
ဘာလဲဆိုတော့ ဆိုရှယ်မီဒီယာတွေဟာ လူရဲ့ အသိအမှတ်ပြုခံလိုစိတ်ကို ပိုပြီး ကြီးထွားလာအောင် အံ့ဘနန်း လုပ်ပေးနိုင်စွမ်းရှိပါသတဲ့။ ကိုယ့်ပုံလေးတပုံ တင်လိုက်တယ် ဆိုပါစို့။ စိတ်ထဲရှိရှိ၊ မရှိရှိ ရွှန်းရွှန်းဝေအောင် မှတ်ချက်ပေး ပြောကြတဲ့အခါ ဒီမှတ်ချက်တွေအပေါ် ကိုယ်ဟာ သာယာပြီး virtual world လို့ခေါ်တဲ့ အတုအယောင် ကမ္ဘာကြီးမှာပဲ ပျော်လာပါတော့တယ်။ ဒီလိုနည်းနဲ့ သုံးစွဲသူတွေဟာ တခြားသူတွေရဲ့ အပေါ်ယံ မှတ်ချက်တွေအပေါ်မှာ စွဲလမ်းသာယာပြီး ဆိုရှယ်မီဒီယာကို စွဲလာပါတော့တယ်တဲ့။ အဲဒီသုံးစွဲသူတွေဟာ ကိုယ်သုံးစွဲတဲ့အချိန်တိုင်း လူတွေကို ဘယ်လိုဆွဲဆောင်ရမလဲ၊ တခြားသူတွေကနေ သူ့ကို အသိအမှတ်ပြုလာအောင် ဘယ်လိုလုပ်မလဲ၊ စသဖြင့် တခြားသူတွေကို ဆွဲဆောင်နိုင်ဖို့ သူ့ကိုယ်သူ တချိန်လုံး ပြင်ဆင်နေပါတော့တယ်တဲ့။ ဒါက အဲဒီ documentary ထဲက ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်ပါ။ အခုလက်ရှိကာလမှာလည်း တချို့သူတွေဟာ ဖေ့စ်ဘွတ်ခ်ရဲ့ အဲ့ဒီအကွက်ထဲကို ဝင်သွားကြတယ်လို့ ဆိုချင်ပါတယ်။ ဒီလို ဝင်သွားကြတဲ့အထဲ ပြည်သူတွေတင်မက ပြည်သူ့ကာကွယ်ရေးတပ်သားအချို့တောင် ပါဝင်တာကို တွေ့ရပါတယ်။
တော်လှန်ရေးမှာ ငါက ဘာတွေလုပ်တယ်၊ ဘာတွေထည့်ဝင်တယ်၊ ဘယ်လောက်လုပ်တယ် ဆိုပြီး သိစိတ်ရှိရှိနဲ့ပဲဖြစ်၊ မသိစိတ်ကဖြစ်စေ အကုန် ဖေ့စ်ဘွတ်ခ်ပေါ် တင်ချင်ကြပါတယ်။ တင်လည်း တင်ကြပါတယ်။ ဒါဟာ အန္တရာယ်ကို ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်။ တော်လှန်ရေးဟာ လူမှုရေးပရဟိတ လုပ်သလို ကြွားလို့ဝါလို့ မကောင်းပါဘူး။
ဒါကြောင့် မိမိကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ဆိုရင် အဲဒီ ကြွားချင်ဝါချင်စိတ်၊ အသိအမှတ်ပြု ခံချင်စိတ်တွေကို လက်ရှိအချိန်မှာ ချိုးနှိမ်ထားမှ ဖြစ်မှာပါ။ အခုလိုအချိန်မှာတော့ ကိုယ်လုပ်ခဲ့တာတွေကို ကိုယ့်ဘာသာကိုယ် သိမ်းဆည်းပြီး တော်လှန်ရေးအောင်တဲ့အခါမှသာ တဝကြီး တင်ကြဖို့ ကောင်းပါတယ်။
ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပို့စ်တခုခု တင်တော့မယ်ဆိုတိုင်း ပြည်သူတွေဆိုရင်လည်း “မိမိအတွက် တန်ရဲ့လား” စဥ်းစားဖို့ကောင်းပါတယ်။ ဒီလိုပဲ ပြည်သူ့ကာကွယ်ရေးတပ်သားတွေအနေနဲ့ မိမိလုံခြုံရေး၊ မိမိတပ်ဖွဲ့၊ မိမိတို့မစ်ရှင်ကို ထိခိုက်လေမလား ဆိုပြီး ဦးစွာ စဉ်းစားသင့်ပါတယ်။ မိမိတင်လိုက်တဲ့ စာကြောင်းတကြောင်း၊ နှစ်ကြောင်းကြောင့် ရန်သူ့လက်တွင်း ကျရောက်သွားရတာ၊ ရန်သူ့နှိပ်စက်မှုခံရတာ၊ ထောင်ဒဏ်ချမှတ်ခံရတာ၊ သိန်းဆယ်ဂဏန်းချီပြီး တောင်းခံရတာကအစ မိမိတို့မစ်ရှင် ပေါက်ကြားသွားတာ၊ အဖွဲ့ဝင်တွေ အဖမ်းခံရတာ စတာတွေဟာ တော်လှန်ရေးအတွက် တန်ရဲ့လား စဥ်းစားစရာပါ။ တော်လှန်ရေးကြီးကို တကယ်အားဖြည့်ရာ ရောက်သလား စဥ်းစားစရာပါ။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်မယ့်ဟာနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မတင်ဘဲ ကိုယ့်ဘာသာကိုယ် ကလစ်တာ၊ ကလစ်ဗွီဒီယို ကြည့်တာ။ အဲဒီနှစ်ခုကို နှိုင်းယှဥ်ကြည့်ပါ။ ဘယ်ဟာက တော်လှန်ရေးအတွက် ထိရောက်စေမလဲ။ မိမိအတွက် လုံခြုံစေမလဲ။
အခုလို ဆင်ခြင်နေထိုင်တာဟာ ရန်သူကို ကြောက်လို့လားပေါ့။ လုံးဝမဟုတ်ပါ။ ဒါဟာ ကြောက်တာလို့ မခေါ်ပါဘူး။ ပါးနပ်တယ်လို့ ဆိုရမှာပါ။ ရန်သူကို အထင်မသေးမိဖို့ လိုပါတယ်။ ရန်သူဟာ ယုတ်မာကောက်ကျစ်တာနဲ့ပတ်သက်ရင် အနှစ် ၆၀ ကျော် အတွေ့အကြုံရှိလာတဲ့ အယုတ်တမာ အဖွဲ့အစည်းဖြစ်ကြောင်း သတိထားဖို့လိုပါတယ်။ ဗိုလ်ချုပ်တို့ တော်လှန်ရေးလုပ်စဥ်အခါကလည်း လျှို့ဝှက်စွာ လုပ်ကိုင်ခဲ့ရတာပါ။ သိုသိပ်ခဲ့ရတာပါ။ ဦးနုရဲ့ ငါးနှစ်ရာသီ ဗမာပြည် စာအုပ်ထဲက တနေရာမှာဆိုရင် တအိမ်တည်း အတူတူနေတာတောင် ဖက်ဆစ်တော်လှန်ရေး လုပ်နေကြတာ မသိကြဘူး။ တတိုင်းပြည်လုံး ထချပြီဆိုတော့မှ သူရောကိုယ်ပါ တော်လှန်ရေးလုပ်ကြသူတွေဖြစ်မှန်း သိကြသတဲ့။
အနှစ်ချုပ်ပြောရရင် တော်လှန်ရေးဟာ ရယူဖို့အတွက် ပေးဆပ်ရတာပါ။ ဒီလိုပေးဆပ်ရတာ မှန်ပေမယ့် ရှောင်လို့ရရဲ့သားနဲ့၊ ဆင်ခြင်လို့ရရဲ့သားနဲ့ ကိုယ့်အသက်တွေ၊ ဘဝတွေ ရန်သူ့ဆီကို မပေးမိကြဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ပြည်သူတွေကအစ ပြည်သူ့ကာကွယ်ရေးတပ်သား အဆုံး အားလုံးဟာ လုံခြုံရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ရန်သူကို အထင်ကြီးဖို့ မလိုသလို အထင်သေးဖို့လည်း မလိုပါဘူး။ ဆိုရှယ်မီဒီယာမှာ တင်တဲ့ကိစ္စလေးကြောင့် မိမိတို့ရဲ့ တော်လှန်ရေးကို မထိခိုက်စေလို၊ တော်လှန်အင်အား မပြုန်းတီးစေလိုပါ။
ဆရာဗန်းမော်တင်အောင် စကားအတိုင်းဆိုရရင် ရန်သူက ကိုယ့်ကို သေစေချင်တဲ့အခါ မသေအောင် နေတာကလည်း တော်လှန်ရေးတခုဖြစ်ကြောင်း သတိချပ်စေချင်ကြောင်းပါ။
တင်ဦး