မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်မှာ ဒီဇင်ဘာ ၁၃ ရက် မနက်က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မတ္တရာဒေသခံ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
အဲဒီ မိုင်းဆွဲခံရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ကား ၇ စီးနဲ့ လက်ပန်လှရွာကနေ ထွက်လာတဲ့ ယာဉ်တန်း ဖြစ်တယ်လို့လည်း သိရပါတယ်။
မတ္တရာတော်လှန်ရေးသမားတဦးက “လက်ပန်လှရွာကနေ ထွက်လာတယ်။ ကျနော်တို့ ဘိုးတော်တောင်အနီးမှာ မိုင်းဆွဲခဲ့တယ်။ မိုင်းဆွဲပြီး ပြေးရတာဆိုတော့ စစ်(--)အသေကတော့ အတိအကျ မပြောနိုင်သေးဘူး။ မိုင်းဆွဲတဲ့ ရဲဘော်တွေကတော့ အထိအခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ ဗိုလ်ကောင်းကင် တော်လှန်ရေး အင်အားစု၊ ပြင်ဦးလွင်ခရိုင် ပကဖ၊ စဥ့်ကူး ပကဖအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မတ္တရာမြို့နယ်မှာ စစ်ကောင်စီဖမ်းဆီးခံထားရသူ ၂ ဦး ဒီဇင်ဘာ ၁၃ ရက် မနက် ၁၁ နာရီက ထွက်ပြေးလွတ်မြောက်လာတယ်လို့ မတ္တရာဒေသခံကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက် ညနေ ၄ နာရီကျော်က မတ္တရာမြို့နယ်၊ ဆိတ်သာကျေးရွာအနီးမှာ ဖမ်းဆီးခံရသူ သုံးဦးနဲ့ ရုံးပင်ကျေးရွာအနီးမှာ ဖမ်းဆီးခံရသူ တဦးဖြစ်ပြီး စုစုပေါင်း ၄ ဦးထဲက ၂ ဦး ထွက်ပြေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက “ကျနော်တို့ မနေ့က နေ့လယ်ပိုင်းက မတ္တရာနယ် ဆည်တော်ဘောင်ပေါ်မှာ ဆိုင်ကယ် ၁၂ စီးနဲ့ သွားလာနေတဲ့ အရပ်ဝတ်နဲ့ စစ်ကောင်စီအဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာကနေ သူတို့ဖမ်းဆီးလာတဲ့ ပြည်သူ ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့တာပါဗျ။ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၅ ဦးသေတယ်လို့လည်း အတွင်းသတင်း သိထားရတယ်။ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်နေချိန်မှာ စကစဘက်က စစ်ကူတွေ ကားလေးစီးနဲ့ ထပ်ရောက်လာလို့ ကျနော်တို့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲကို နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့နဲ့ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မတ္တရာတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်ကတော့ မတ္တရာမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုအပြင် စစ်တပ်ထောက်ခံ ဆန္ဒပြပွဲတွေပါ ပြုလုပ်နေပြီး ဒေသခံပြည်သူတွေအပေါ် မတ္တရာမြို့ပေါ်ကနေ ဆန်၊ ဆီ၊ ဆေးဝါး ဝယ်ယူတာတွေကို ကန့်သတ်ချုပ်ချယ် စစ်ဆေးတာတွေ နေစဉ်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။