ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တကောင်ဘိုးကျေးရွာအုပ်စု၊ မီးပုံးကျေးရွာမှာ ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီလောက်က နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင်တွေ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံတယောက် ထိမှန်ခဲ့သလို နေအိမ် ၁ လုံးကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ သထုံခရိုင် တပ်မဟာ-၁ ထိန်းချုပ်နယ်မြေအတွင်းမှာရှိပြီး စစ်ကောင်စီရဲ့ အမှတ် ၁၀၁၄ နယ်ခြားစောင့်တပ် (BGF) လက်အောက်ခံ ဗိုလ်တင်ဝင်း ဦးဆောင်တဲ့ အင်အား ၅၀ နီးပါးနဲ့ ဒီဇင်ဘာ ၁၀ ရက်က မီးပုံးကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။
နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေက ကျေးရွာအနီးပတ်ဝန်းကျင်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး လမ်းသွားလာနေတဲ့ ဒေသခံပြည်သူတွေကိုပါ လိုက်လံပစ်ခတ်ခဲ့တဲ့အပြင် ဈေးဆိုင်တွဲရက်ဖွင့်ထားတဲ့ လူနေအိမ်တလုံးကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံ ကျေးရွာသားတဦးက “သူတို့ ရွာကိုဝင်လာတာနဲ့ ရွာအပါအဝင် ရွာနီးပတ်ဝန်းကျင်ကို လက်နက်ကြီး လက်နက်ငယ်နဲ့ အကုန်လိုက်ပစ်တာ။ ပြီးတော့ ရွာထဲက ကုန်စုံဆိုင်ကိုပါ မီးရှို့သွားတယ်။ ဒါက သက်သက်မဲ့ လူထုတွေ ဒုက္ခရောက်အောင်လုပ်တာ။ စစ်တပ်အလိုကျ လူမိုက်ကြေးစားတွေ” လို့ ပြောပါတယ်။
အခုလို BGF တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တဲ့အတွက် ဒေသခံအားလုံး နီးပါးဟာ ဘေးလွတ်ရာ အနီးအနားက ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရသလို လူနေအိမ်တချို့ လက်နက်ကြီးထိမှန် ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်တချို့ပါ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။
ဘားအံမြို့နယ်၊ မိတ္ထီလာကျေးရွာအနီးက ဘုရားကုန်းစခန်းမှာ ဗိုလ်တင်ဝင်း ဦးဆောင်တဲ့ BGF တပ်ဖွဲ့ဝင်တွေ အခြေချတပ်စွဲထားတဲ့အပြင် တပ်မဟာ-၁ ထိန်းချုပ်နယ်မြေအတွင်း စစ်ကြောင်းထိုး လှုပ်ရှားသွားလာနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
အလားတူ ကေအန်ယူ- ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၁ ရက်ညက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ရွာသားတွေရဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးသွားပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းရွာအတွင်းကို ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းက နေပူခံကုန်းအခြေစိုက် ခလရ ၉၇ စစ်ကောင်စီတပ်ကနေ (၈၁)မမ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကျရောက်ပေါက်ကွဲရာ နော်မူမူနဲ့ နော်မာပဲတို့ရဲ့ နေအိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။
ရွာသစ်ကျေးရွာ ဘုန်းကြီးကျောင်းထဲကို လက်နက်ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဆရာမ နန်းစန္ဒာငြိမ်း ဘယ်ဘက်ပါးဒဏ်ရာ ရရှိခဲ့သလို အသက်ရှစ်နှစ်အရွယ် ကျောင်းသား စောရဲလေးထူး ဘယ်ဘက်လက် ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့ သိမ်၊ ပါဂျဲရိုးကား တစ်စီး၊ စာပေသင်ကြားတဲ့ အဆောက်အဦတို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် ကရင်ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ မကြာခဏ လိုက်လံပစ်ခတ်တာ၊ BGF တပ်ဖွဲ့ဝင် မိသားစုတွေနေထိုင်ဖို့နဲ့ တပ်စခန်းပြုပြင်ဖို့အတွက် ပြည်သူပိုင် သစ်နဲ့ဝါးတွေကို အတင်းအဓမ္မ ဝင်ရောက်ခုတ်ယူတာ၊ အနီးအနားကျေးရွာက ဒေသခံရွာသားတွေကို အတင်းအဓမ္မ ခေါ်ယူ ခိုင်းစေတာတွေ ရှိတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်က ဘားအံမြို့နယ်၊ မိကရင်ကျေးရွာအတွင်းကို အမှတ် ၁၀၁၁ BGF တပ်ရင်း၊ တပ်ခွဲ-၂ တပ်ခွဲမှူး ဗိုလ်မောင်ငြိမ်း ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။