ရန်ကုန်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြယမုံအိမ်ရာရှေ့မှာ ဒီဇင်ဘာ ၁၂ ရက်ညပိုင်းက ဗုံးပေါက်ကွဲပြီး အမျိုးသား တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၇ နာရီက မြယမုံအိမ်ရာရှေ့ တစ်ဖက်ကားလမ်းမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဒဏ်ရာရတဲ့ အမျိုးသားကို လူနာတင်ယာဥ်နဲ့လာသယ်သွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
"ဗုံးပေါက်တာ ည ၇ နာရီကျော်တယ်။ လူတစ်ဦးသွေးတွေနဲ့ လဲကျနေတယ်။ ခဏနေတော့ စစ်ကားတွေရောက်လာပြီး လူနာတင်ယာဥ်နဲ့သယ်သွားတာတွေ့တယ်။”
ဗုံးထိမှန်ခဲ့တဲ့ အမျိုးသားကို လူနာတင်ယာဥ်နဲ့ မြောက်ဥက္ကလာမြို့နယ်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ပရဟိတအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"ဒဏ်ရာကတော့ အတော်များတယ်။ စိုးရိမ်ရတယ်။ တက္ကစီနဲ့ သင်္ဃန်းကျွန်းဘက်က ပြန်လာတာ မြယမုံအိမ်ယာရှေ့ ကားလမ်းတစ်ဖက်မှာ အပေါ့သွားရင်း ဗုံးပေါက်တာ။”
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်တွေဟာ မြယမုံအိမ်ရာ အနီးတဝိုက်မှာ လက်ကျန်ဗုံးရှိမရှိ စစ်ဆေးခဲ့ပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ၁၂ ရက်အတွင်း ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှု ၁၆ ကြိမ်ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၂ ဦး အထိရှိပါတယ်။