မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့ပေါ်မှာ စစ်ကောင်စီတပ်က ဒေသခံအလုပ်သမားတွေကို နေ့စားခပေးပြီး NUG အစိုးရနဲ့ PDF ကို ရှုတ်ချဆန္ဒပြပွဲတခု ဒီဇင်ဘာ ၁၂ ရက် ဒီမနက် ၁၀ နာရီကျော်က ပြုလုပ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြို့တွင်း စီတန်းလှည့်လည်ဆန္ဒပြပွဲကို စစ်ကောင်စီတပ်တွေက ဦးဆောင်ခဲ့တာ ဖြစ်ပြီး ဒေသခံတွေကို ဆန္ဒပြဖို့ ဆန်နဲ့ ငွေပေးခိုင်းစေခဲ့တာလို့ မတ္တရာဒေသခံ ဆရာတိုးက ပြောပါတယ်။
“ဆန္ဒပြပွဲ စပြတာက မတ္တရာမြို့ပေါ် ရွှေတာလီဘုန်းကြီးကျောင်း ကနေ လူအင်အား ၇၀ လောက်နဲ့ NUG ကို ဆန့်ကျင်ကြောင်း၊ PDF အလိုမရှိဆိုတဲ့ ကြွေးကြော်သံတွေနဲ့ မတ္တရာဈေးကြီးဘက်ကို သပိတ်စီတန်း လှည့်လည်တာ ရှိတယ်ဗျ။ အဲလူတွေက ဘယ်ကလူတွေလဲဆိုတော့ မတ္တရာမြို့ ‘ဂျွန်’ အုပ်လုပ်ငန်းက အလုပ်သမားတွေကို နေ့စားပေးပြီး ဆန္ဒပြခိုင်းတာဗျ။ တဦးကို ငွေကျပ် သုံးထောင်နဲ့ ဆန်တပြည်ပေးပြီး ခိုင်းတာလို့ ကျနော်တို့ သိထားရတယ်။”
စစ်ကောင်စီတပ်ဟာ အနီးနားကျေးရွာတွေကနေ မတ္တရာမြို့ပေါ် ဈေးဝယ်လာသူတိုင်းကို စစ်ဆေးတာနဲ့ ဓာတ်ပုံရိုက်ယူတာတွေပြုလုပ်နေသလို ဆန်နဲ့ဆီ ဝယ်ယူရာမှာလည်း ကန့်သတ်ချုပ်ချယ်နေတယ်လို့ မတ္တရာဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။