ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဘာဆာရွာအနောက်ဘက်က ပင်လယ်ကမ်းစပ်မှာ ဒီဇင်ဘာ ၁၂ ရက်က ငါးဖမ်းစက်လှေတိမ်းမှောက်ခဲ့တာကြောင့် ၂ ယောက်သေဆုံးပြီး ၃ ယောက် ပျောက်ဆုံးနေတယ်လို့ ရွှေရောင်မေတ္တာဖောင်းဒေရှင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ငါးဖမ်းစက်လှေပိုင်ရှင် ဦးဟာမီဒူဆန်း (၂၈နှစ်) နဲ့ ဦးစံ (၃၀နှစ်) တို့ရဲ့အလောင်းတွေဖြစ်ပြီး သူတို့ နှစ်ဦးဟာ အုန်းတောချေကယ်ဆယ်ရေးစခန်းနဲ့ ဘေဒူဖကယ်ဆယ်ရေးစခန်း(၁)တို့က ဖြစ်ကာ ပျောက်ဆုံးနေသူ ၃ ယောက်ရဲ့ နာမည်နဲ့ နေရပ်ကို စုံးစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အခုတွေ့ရတဲ့ အလောင်းတွေမှာ ပြင်ပဒဏ်ရာ မတွေ့ရဘဲ ငါးဖမ်းစက်လှေ မှောက်တာကြောင့် သေဆုံးတာလို့ယူဆရပြီး ၃ ယောက် ပျောက်နေတယ်လို့ ရွှေရောင်မေတ္တာဖောင်းဒေးရှင်း ပြန်ကြားရေးတာဝန်ခံ ကိုသာဂီဖြိုးက ပြောပါတယ်။
"ဘာဆာကျေးရွာရဲ့ အနောက်ဘက်ကမ်းစပ်မှာ တွေ့တာပါ။ ငါးဖမ်းစက်လှေနဲ့ ငါးဖမ်းရာမှာ စက်လှေမှောက်တာလို့ သိရတယ်။ အခု စက်လှေပိုင်ရှင်နဲ့ နောက်တဦးကို တွေ့ထားတာ။ ဒဏ်ရာ ဒဏ်ချက်တွေတော့ မတွေရဘူး။ အဲဒီစက်လှေမှာ ၅ ယောက်ပါသွားတာလို့ ပြောကြတယ်။ နောက် ၃ ယောက်ကတော့ ပျောက်နေတယ်။"
တိမ်းမှောက်သွားတဲ့ စက်လှေဟာ ဒီဇင်ဘာ ၁၁ ရက်က ငါးဖမ်းထွက်သွားကြတာဖြစ်ပြီး လှေမှောက်လို့တွေ့ရတဲ့ အလောင်းတွေကို စစ်တွေပြည်သူဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ထား တယ်လို့ သိရပါတယ်။