တနင်္သာရီတိုင်း၊ ပုလောမြို့အတွင်းက မြို့နယ်ခန်းမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဒီဇင်ဘာ ၈ ရက် ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း-၁ တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အင်အား ၇ ယောက်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်လောက် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း-၁ ပြန်ကြားရေးတာဝန်ခံက “မြို့ထဲမှာ လုံခြုံရေးလည်းကျပ်တယ်၊ ထွက်လမ်းတွေလည်း နည်းတော့ အချိန်သိပ်မရဘူး။ ၁၀ မိနစ်လောက် ပစ်ပြီး ကျနော်တို့ ပြန်ဆုတ်ခဲ့တယ်။ အဓိကကတော့ ကျနော်တို့ မြို့ထဲထိတောင် ဝင်တိုက်ပြီး စစ်တပ်ကို ခြိမ်းခြောက်ချင်တာ။ နောက်ပြီး မြို့တွင်းတိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်ဆိုတာ ပြည်သူတွေကိုလည်း သတိပေးချင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မြို့နယ်ခန်းမမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားနေချိန် တပ်ဖွဲ့ဝင်တချို့က ပုလောမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီ ခြေလျင်တပ်ရင်း ၂၈၅ အဝင်ဂိတ်အနီး မိုင်း ၂ လုံး ဖောက်ခွဲခဲ့ပါတယ်။
ပုလောမြို့နယ်ခန်းမမှာ ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတာ ဖြစ်ပြီး အရင်နှစ် ၂၀၂၁ အောက်တိုဘာလအတွင်းကလည်း အဲဒီမြို့နယ်ခန်းမအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဗုံးဖောက်ခွဲခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်လောက် လုံခြုံရေးယူထားတဲ့ ပုလောမြို့ မြန်မာ့စီးပွားရေးဘဏ် သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။