တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်း မရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ်မှာ ကျင်းပသွားမယ်လို့ စစ်ကောင်စီ ပညာရေးဌာနက ကြေညာထားပါတယ်။
သင်ရိုးစနစ်ဟောင်းအတွက် နောက်ဆုံးအကြိမ်အဖြစ် ကျင်းပမယ့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ လျှောက်လွှာတင်လိုသူတွေအနေနဲ့ ကျောင်းတွေ၊ မြို့နယ်ပညာရေးမှူးရုံးတွေမှာ လျှောက်ထားနိုင်တဲ့ ကာလ ကျော်လွန်နေပြီဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတွေကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်နေ့ အတွင်း လျှောက်ထားရမှာဖြစ်တယ်လို့ ကြေညာခဲ့တာကြောင့် သတ်မှတ်ကာလဟာ နှစ်လကျော်အထိ ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။
ဒါကြောင့် အဲ့ဒီ ကျောင်းတွေ၊ရုံးတွေက လက်မခံတော့ရင် အမှန်တကယ် ဖြေဆိုလိုသူတွေအနေနဲ့ အခွင့်အရေးမဆုံးရှုံးစေဖို့ နေပြည်တော် ဒါမှမဟုတ် ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကို တိုက်ရိုက် လာရောက် လျှောက်ထားမယ်ဆိုရင် ခြွင်းချက်အနေနဲ့ လက်ခံပေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သိရပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲတွေကို နှစ်စဉ် မတ်လမှာ ကျင်းပလေ့ရှိပြီးတော့ ၂၀၂၀ ပြည့်နှစ်က ဖြေဆိုခွင့်လျှောက်ထားသူ ၉ သိန်းကျော်ရှိခဲ့ပြီး ဝင်ရောက်ဖြေဆိုခဲ့သူအရေအတွက်ဟာ ၉ သိန်းနီးပါးရှိခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ လျှောက်ထားသူဟာ ၃ သိန်းဝန်းကျင်လောက်ပဲရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အတွက် လျှောက်ထားသူအရေအတွက်က ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ကျွန်ပညာရေးကို လက်မခံ သပိတ်မှောက်တဲ့အနေနဲ့ သန်းနဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေဟာ စစ်ကောင်စီဖွင့်ထားတဲ့ ကျောင်းတွေကို ပြန်မတက် စာမေးပွဲ မဖြေကြတာရှိသလို ဆရာ၊ ဆရာမတွေဟာလည်း အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်နေကြပါတယ်။