မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေဟာ သေဒဏ်ပေးတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဒီဇင်ဘာ ၇ ရက် ဒီကနေ့ အစာအငတ်ခံ ဆန္ဒပြနေကြတယ်လို့ အကျဉ်းထောင်ဝန်ထမ်းထံက သိရပါတယ်။
အင်းစိန်ထောင်တွင် စစ်တရားရုံးကနေ ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ယောက်ကို သေဒဏ်ချမှတ်ထားတဲ့ အပေါ် ဆန့်ကျင်တဲ့အနေနဲ့ အစာငတ်ခံဆန္ဒပြနေကြတာပါ။
“သူတို့ အခုမနက် ၁၀ နာရီ ထမင်းကျွေးချိန်မှာ ထမင်းမစားတော့ဘူး၊ နိုင်ငံရေးအကျဉ်းသားတွေကို ကြိုးပေးသတ်မယ့် ကိစ္စနဲ့ပတ်သတ်ပြီးဆန့်ကျင့်ကန့်ကွက်တဲ့အတွက် ဒီနေ့ကစပြီး ဘာမှ မစားတော့ဘဲ အစာအငတ်ခံပြီး ဆန္ဒပြတာဆိုပဲ။ ထောင်ကကျွေးတဲ့ မနက်စာထမင်း မစားဖူးဆိုပြီး ငြင်းဆန်လိုက်တာ၊ ထောင်ကတော့ ဘာမှ မတုံ့ပြန်သေးဘူး၊ အခုဆန္ဒပြကြတာကတော့ တထောင်လုံးက နိုင်ငံရေးအကျဉ်းသားအားလုံးပါတယ်”လို့ ထောင်ထဲက ရေးပေးလိုက်တဲ့စာ အရ သိရပါတယ်။
စစ်ကောင်စီက ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်မှာ သေဒဏ်ပေးပြီးတဲ့နောက် ကွပ်မျက်ဖို့ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာပြည်တွင်းမှာရော နိုင်ငံတကာမှာပါ သေဒဏ်ပေးမှု ဆန့်ကျင်ကန့်ကွက်မှုတွေကို နည်းလမ်းပေါင်းစုံနဲ့ ပြုလုပ်နေကြပါတယ်။
စစ်ကောင်စီဟာ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကိုလည်း ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်တဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၃၀ ကျော် ရှိနေပါတယ်။