ဒီနေ့မနက် ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ နာမည်ကြီး ဘရာဇီးအသင်းက တောင်ကိုရီးယားအသင်းကို (၄-၁) ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
ဒီနေ့ပွဲမှာ ဘရာဇီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဂိုးကန်သွင်းခွင့်တွေပိုမိုရရှိခဲ့ကာ အဖွင့်ဂိုးကိုတော့ ပွဲချိန် ၇ မိနစ်မှာပဲ ဗင်နီစီးရပ်စ်ဂျူနီယာကသွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကိုတော့ ၁၃ မိနစ်မှာ နေမာက ပင်နယ်တီကနေတဆင့် သွင်းယူပေးခဲ့ပါတယ်။
ဘရာဇီးအတွက် တတိယမြောက်ဂိုးကိုတော့ ရစ်ချ်ချာလီဆန်က ၂၉ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ၃၆ မိနစ်မှာ လူးကတ်စ်ပါကွီတာက စတုတ္ထမြောက် ဂိုးသွင်းယူပေးခဲ့လို့ ပထမပိုင်းမှာကလည်းက ဘရာဇီးအသင်းက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရနေတာပါ။
ဒုတိယပိုင်း ပွဲချိန် ၇၆ မိနစ်မှာတော့ တောင်ကိုရီးယားအတွက် တလုံးတည်းသောချေပဂိုးကို ပိုက်ဆောင်ဟိုက ဂိုးစည်း အပြင်ဘက် ခပ်လှမ်းလှမ်းကနေ လှလှပပကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီနောက် တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်ကြတော့ဘဲ ပွဲအပြီးမှာ ဘရာဇီးအသင်းက (၄-၁ )ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တခုမှာတော့ ခရိုအေးရှားအသင်းက ဂျပန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။
လာမယ့် ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ဘရားဇီးအသင်းနဲ့ ခရိုအေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။