ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ဒီဇင်ဘာ ၅ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ KBC နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မန္တလေးလေဆိပ်မှာ ဒီဇင်ဘာ ၄ ရက် ညနေပိုင်းက ထိုင်းနိုင်ငံကို ကျန်းမာရေးအတွက် ဆေးကုမှုခံယူဖို့အသွား စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးခဲ့ပြီး နောက် တရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
KBC နဲ့ နီးစပ်တဲ့ ကချင်ဒေသခံတစ်ဦးက “မြစ်ကြီးနားလေယာဉ်နဲ့ ပြန်လာနေပြီလို့ သိရတယ်။ ဖမ်းခံရတယ်ဆိုတာ ကြားတော့ အားလုံးစိတ်ပူနေကြတာ”လို့ ပြောပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ဟာ မြစ်ကြီးနားမြို့ကနေ လေယာဉ်နဲ့ မန္တလေးမြို့ကို ခရီးသွားဖေါ် ၂ ဦးနဲ့ အတူသွားရောက်စဉ် မန္တလေးလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ခရီးသွားဖေါ်ဦး ၂ ကိုတော့ ဆက်လက်ထွက်ခွာခွင့်ပြုခဲ့တာဖြစ်ပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်တပ်ဘက်ကသူတွေ လာခေါ်သွားတာလို့ သူနဲ့ နီးစပ်တဲ့ ဓမ္မဆရာတဦးက ပြောကြားခဲ့ပေမဲ့ ဘာကြောင့် ဖမ်းဆီးတယ်၊ ဘယ်မှာဖမ်းဆီးခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ အတွင်းရေးမှူးတာဝန်နဲ့ ဥက္ကဋ္ဌ တာဝန်ယူခဲ့ဖူးပြီး ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့(WMR)မှာ ဥက္ကဋ္ဌ တာဝန် ယူထားသူဖြစ်ပါတယ်။