ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ Asahi 3 (Beer Pub & BBQ) စားသောက်ဆိုင်နဲ့ YGN (KTV & Bar) တို့ကို ဒီဇင်ဘာ ၄ ရက် ညပိုင်းက ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက သတင်းထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာအဖွဲ့ဝင်တွေ ဖြစ်တဲ့ Human Rights Defenders (HRD) အဖွဲ့နဲ့ သွေးသစ္စာအဖွဲ့တို့က မြောက်ဒဂုံ ပြည်ထောင်စုလမ်းမပေါ်ရှိ YGN (KTV & Bar) ကို ဒီဇင်ဘာ ၄ ရက်၊ ည ၇ နာရီ ၅၅ မိနစ်နဲ့ ပင်လုံလမ်းမကြီးရှိ Asahi 3 ဆိုင်ကို ည ၈ နာရီခွဲမှာ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ စီးပွားရေးဒေါက်တိုင်ဖြစ်လို့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြောက်ဒဂုံ ဒေသခံတဦးက “ည ၈ နာရီနဲ့ ၉ နာရီလောက်ကြားမှာ အသံအကျယ်ကြီး နှစ်သံလောက် ကြားရတယ်၊ ထွက်ကြည့်တော့ လမ်းထိပ်က ဘီယာဆိုင်မှာထိုင်နေတဲ့လူတွေ ရုတ်ရုတ်သဲသဲတော့ ဖြစ်သွားသေးတယ်။ ပင်လုံထဲ စစ်သားတွေ ဝင်စစ်သွားတယ်” လို့ ပြောပါတယ်။
အဲ့ဒီညက မြောက်ဒဂုံမြိုနယ်မှာ အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်ဖို့ ၃ နေရာ စီစဉ်ခဲ့ပေမဲ့ Privacy (KTV & Restaurant) ဘက်က နည်းပညာအကာအကွယ် သုံးထားလို့ ဖောက်ခွဲမှု မအောင်မြင်ခဲ့ဘူးလို့ သတင်းထုတ်ပြန်ချက်ထဲမှာ တွေ့ရပါတယ်။
အဝေးထိန်းဗုံးဟာ Asahi 3 (Beer Pub & BBQ) ဆိုင်ရဲ့ ကားပါကင် ရေမြောင်းထဲမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပစ္စည်းပျက်စီးမှုနဲ့ ထိခိုက်သူ မရှိဘူးလို့ သိရပြီး အဆိုပါဆိုင်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်ကလည်း မူးယစ်ဆေးဝါးနဲ့ PDF အဖွဲ့ဝင်တွေ ရှိတယ်ဆိုပြီး စစ်ကောင်စီဘက်က အင်အားသုံး ရှာဖွေစစ်ဆေးတာ ခံခဲ့ရပါသေးတယ်။
Asahi 3 ဆိုင် တာဝန်ရှိသူက “တော်တော်အောင်မြင်တယ်၊ ဆိုင်ခွဲပေါင်း ၇ ဆိုင်လောက် ရှိတယ်၊ အဲ့တော့ စီးပွားရေးအရ အမြဲတိုက်ခိုက်နေတာ။ အရင်တုန်းကလည်း တခါ စစ်တပ်ကို တိုင်တာ။ အစ်ကိုတို့က မူးယစ်ဆေးဝါးရောင်းပါတယ်၊ PDF တွေနဲ့ ဆက်သွယ်ပါတယ် ဆိုပြီးတော့ စစ်တပ်ကိုလည်း ထောင်ပြီးပြီ၊ အခုတခါတော့လည်း စစ်တပ်ရဲ့ ဒေါက်တိုင်ဆိုပြီးတော့ ဆိုတော့ အစ်ကိုတို့ ဘယ်လိုနေရမှာလဲ” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၄ ရက် ညမှာပဲ လှိုင်သာယ ၂၀ ရပ်ကွက်၊ ဘောလုံးကွင်းမှာ လက်လုပ်ဗုံး ပေါက်ကွဲခဲ့သလို ဒီဇင်ဘာ ၃ ရက်ကလည်း တောင်ဥက္ကလာမြို့နယ်ရှိ Transporter Bar ကို မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။