မကွေးတိုင်း မြိုင်မြို့နယ်မှာ ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်အား မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့နေရာကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရာ ကျည်ဆန်အမြောက်အမြားနဲ့ ဝတ်စုံတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ က ပြောပါတယ်။
တဲကြီးနဲ့ နယ်သတ်ရွာကြားမှာ ဒီဇင်ဘာ ၂ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့ နေရာကို ဒီဇင်ဘာ ၃ ရက် မနက် ၉ နာရီကျော်လောက်မှာ သူတို့ မီးရှို့ခဲ့တဲ့ ကားကို မီးငြိမ်းသတ်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ ကျည်ဆန်တွေနဲ့ ရဲဝတ်စုံတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း (၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ နေရာက ရိက္ခာကားပေါ်ကို မီးငြှိမ်းသတ်ရင်းတက်ကြည့်တော့ ၇.၆၂ AK ကျည် ၂၆၂ တောင့်၊ ၇.၆၂ G3 ကျည် ၃၀၆၉ တောင့်၊ ၉ မမ ကျည် ၅၀ တောင့်နဲ့ ရဲဝတ်စုံ ၅ စုံ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကမ္မမြို့ကနေ မြိုင်မြို့နယ် ကျောက်ခွက်၊ ဖလံကိုင်း ရေနံမြေရဲစခန်းတွေကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီကားကို နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၂ ရက်အထိ လမ်းတလျှောက် မိုင်းတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ယောက် သေဆုံးကာ ၅ ယောက်အပြင်းထန် ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။