ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအုပ်စု၊ တောင်ရွာမှ ဒေသခံတဦး မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက် ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့အတွက် ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသမူခံယူနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဂူတာပြင်အုပ်စု တောင်ရွာမှ အာဗန်ကိုနီဟာ ဒီဇင်ဘာ ၂ ရက်နေ့ ညနေပိုင်းက တောင်ရွာရဲ့ အနောက်ဘက် တောင်တန်းတွေမှာ လွှတ်ထားတဲ့ နွားတွေကို လိုက်သွင်းဖို့ သွားရောက်စဥ် စစ်တပ်အထိုင်ချထားတဲ့ တောင်ကုန်းအနီး မိုင်းနင်းမိခဲ့တာလို့ အစ်ကိုဖြစ်သူက ပြောပါတယ်။
"လွတ်ထားတဲ့ နွားတွေကို ညနေပိုင်းမှာ ရှာပြီး ရွာကိုသွင်းဖို့ သွားတာ၊ နွားတွေကလည်း စစ်တပ် အထိုင်ချထားတဲ့ တောင်ကုန်း၊ တောင်တန်းတွေအနားကို သွားနေတော့ နွားလိုက်ရင်းနဲ့ မိုင်းနင်းမိသွားတာ။"
အဲဒီတောင်တန်းမှာ စစ်ကောင်စီတပ် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၉၊ ၂၁၀ တပ်ရင်း တပ်ဖွဲ့ဝင်တွေ တပ်စွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက "မိုင်းနင်းမိတော့ စစ်တပ်က ဆေးကုသပေးဖို့ လုပ်တယ်။ ဒဏ်ရာပြင်းတဲ့အတွက်အတွက် ဘူးသီးတောင်ဆေးရုံကို ပို့လိုက်ကြတာ" လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း မိုင်းနင်းမိသေဆုံးသူ ၆ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၄ ဦးထိ ရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရ ဦးခိုင်သုခက ၆ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။