Home
မြန်မာသတင်း
ဘူးသီးတောင်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်နှင့်မိသားစုဝင်များ စက်လှေမှောက်
DVB
·
June 10, 2024
ArmyFamilyFloatBoat_10062024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို တင်ဆောင်လာတဲ့ စက်လှေ တိမ်းမှောက်ခဲ့ကြောင်း ဒီနေ့ ဇွန် ၁၀ ရက် မနက်ပိုင်းမှာ ရုပ်သံဖိုင်တခု ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီစက်လှေတိမ်းမှောက်ရာမှာ ပျောက်ဆုံးနေတဲ့ မိသားစုတွေလည်း ရှိနေကြောင်း ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတဦးက ရုပ်သံဖိုင်မှာ ပြောဆိုထားပါတယ်။

“တိုက်ရိုက် ဗီဒီယိုရိုက်နေတာပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်ခြားစောင့် ၄ နဲ့ နယ်ခြားစောင့် ၉ ရဲ့ လက်ရှိ ကျန်ရှိတပ်ဖွဲ့ဝင်တွေနဲ့ ဆုတ်ခွာတဲ့အချိန်မှာ ကမ်းထိုးနဲ့ဆိုတော့ စက်လှေနဲ့ ကဲ့ပေးမယ်လို့ မောရဝတီဗျူဟာက ချိတ်ပေးလို့ တပ်ဖွဲ့ဝင်တွေ အကုန်လုံး၊ တပ်မမှူးအမိန့်လည်း ရပြီ၊ ကွပ်ကဲရေးမှူး အမိန့်လည်း ရပြီဆိုတော့ ဆုတ်မယ်ပေါ့ ကျနော်တို့က။ သူတို့ အရင် စက်လှေတစီးနဲ့ ကမ်းထိုးကို အရင်သွားတယ်ဗျာ။ သူတို့ရောက်တော့ စက်လှေပြန်လွှတ်ပြီး နောက်ကျန်တပ်ဖွဲ့ဝင်တွေ၊ မိန်းမတွေ၊ သားသမီးတွေ၊ ကလေးတွေဗျာ၊ လက်ကျန်တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရသူတွေ သွားပို့တဲ့အချိန်မှာ နှစ်စီးလုံးကို သေနတ်နဲ့ ပစ်လွှတ်တယ်ဗျာ။ ကမ်းထိုးပေါ် အတက်မခံဘူးတဲ့။ အကပ်လည်း မခံဘူးတဲ့။ အဲဒါ ပြန်လှည့်လာတော့ ကမ်းခြေမှာ လှိုင်းတအားကြီးတော့ စက်လှေမှောက်တယ်ဗျာ။ ရဲမိန်းမနှစ်ယောက် ရှာမရဘူးဗျာ။ ကလေးနှစ်ယောက်ရော။ ဟိုမှာလည်း ကလေးနှစ်ယောက်က မွန်းပြီး မျောနေတယ်” လို့ ပြောဆိုထားတာပါ။

စက်လှေနစ်မြှုပ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုက အမျိုးသမီးနှစ်ဦးနဲ့ ကလေးငယ်နှစ်ဦး ပျောက်ဆုံးနေကြောင်းနဲ့ ရေမွန်းတဲ့ ကလေးငယ်တချို့လည်း ရှိကြောင်း သိရပါတယ်။

အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “တပ်ပျက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က သူတို့အချင်းချင်းကြား လူသားချင်းစာနာစိတ်ကင်းမဲ့မှု၊ စစ်ခေါင်းဆောင် တပ်မှူးကြီးတွေရဲ့ ခေါင်းဆောင်မပီသမှု၊ ကိုယ်လွတ်ရုန်း ထွက်ပြေးမှုနဲ့ လူ့အသိစိတ်ဓာတ် ပျောက်ဆုံးမှုတို့ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင် ရိုက်ထားတဲ့ ဗီဒီယိုမှတ်တမ်း ဖြစ်ပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန် ပြောဆိုထားပါတယ်။

အာရက္ခတပ်တော် (AA) အနေနဲ့ ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့ ဇွန် ၂ ရက်ကစတင်ကာ တခုမကျန် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဇွန် ၇ ရက် ညနေ ၃ နာရီမှာ နယ်ခြားစောင့်စခန်း ၉ ကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013